တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံး လျှပ်စစ်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် မတ် ၂
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရန်ကုန်မြောက်ပိုင်း ခရိုင်အတွင်း တရားမဝင် သစ်မျိုးစုံ(၁ဝ ဒသမ ၂၉၈၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၉၆၅၂)နှင့် အဆိုပါ သစ်များ တင်ဆောင်လာသော မော်တော်ယာဉ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၃ဝဝဝဝဝဝဝ)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၁၇၉၆၅၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဖေဖော်ဝါရီ ၂၈ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့များမှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဂွမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့အတွင်း တရားမဝင် တောင်သရက်ခွဲသား (၈ ဒသမ ၈၃၈၆)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၁၈၇ဝ၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မတ် ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော တရားမဝင် အထည်လိပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁ဝ၇၉၆၆၁၃)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
အလားတူပင် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းမှ အကောက်ခွန် ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့က သတင်းအရ ရန်ကုန်-မြဝတီ လမ်းမကြီး ရှောင်ကွင်းလမ်းတစ်နေရာ၌ စောင့်ဆိုင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လိုင်စင်မဲ့ မော်တော်ယာဉ်လေးစီး(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၅ဝဝဝဝဝ) ကိုလည်းကောင်း၊ စခန်း၌တာဝန်ကျ ပူးပေါင်းအဖွဲ့မှ စစ်ဆေးခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီးပေါ်တွင် သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်မီးဖိုများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၃၃၆ဝဝ)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၆၃၃၆ဝဝ)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူပင် ရှမ်းပြည်နယ် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ခရီးသည် ပစ္စည်းများနှင့်အတူ ရောနှော တင်ဆောင်လာသော တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် တရားမဝင် စိုက်ပျိုးရေးသုံး ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၈ဝဝဝဝ) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်း၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားမဝင် အားကစားပစ္စည်းများနှင့် လက်ကိုင်ဖုန်းအပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၆၁ဝဝဝ)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃ဝဝဝဝဝဝ)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၁၆၁ဝဝဝ) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံလွင်တံတားထိပ်တွင် ခရီးသည်ယာဉ် နှစ်စီးပေါ်တွင် တင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တရားမဝင် စားသောက်ကုန်ပစ္စည်းများနှင့် အိမ်သုံး လျှပ်စစ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၅ဝဝဝဝ)ကို လည်းကောင်း၊ ကျိုက်မရောမြို့ သွေးသောက်ကျေးရွာ အနီး လမ်းဘေးတွင် စုပုံထားသော ပိုင်ရှင်မဲ့ တရားမဝင် စားသောက်ကုန် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇ဝဝဝဝ)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၂ဝဝဝဝ) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မတ် ၁ ရက်နှင့် ၂ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော အဖွဲ့ နှင့်ပူးပေါင်း စစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃ဝဝဝဝဝဝ)နှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅ဝဝဝဝ)ကို လည်းကောင်း၊ ခန္တီးမြို့နယ်အတွင်း တရားမဝင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးသည့် ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃ဝ၇ဝဝဝဝ)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၄၂ဝဝဝဝ)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
သို့ဖြစ်ပါ၍ ဇန်နဝါရီ ၂၅ ရက်၊ ၂၆ ရက်၊ ၂၇ ရက်၊ ၂၈ ရက်နှင့် မတ် ၁ ရက်၊ ၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၂ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၅ဝ၉၅၆၇) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။