နေပြည်တော်၊ စက်တင်ဘာ - ၂၉
မြောက်ဦးမြို့နယ်အတွင်းရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၇ ရက် လုံခြုံရေးဆိုင်ရာ ရှောင်တခင်စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိစဉ် နံနက် ၈ နာရီခန့်တွင် မြောက်ဦးမြို့မှ ဘောင်းဒွတ်ကျေးရွာဘက်သို့ အေးကျော် (၃၅)နှစ်၊ အောင်မင်္ဂလာ ရပ်ကွက်၊ မြောက်ဦးမြို့နေသူ မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်အား စစ်ဆေးရာ အေးကျော်၏ လက်ကိုင်ဖုန်းအတွင်းမှ AA အကြမ်းဖက် သောင်းကျန်းသူများ၏ အချက်အလက်များနှင့် ဆက်သွယ်ထားမှုများအား တွေ့ရှိရသဖြင့် ထိန်းသိမ်း၍ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့သည်။ပဏာမစစ်ဆေးချက်အရ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ AA-၃၂၅၆ တပ်ကြပ်ကြီးအဆင့်ရှိသူ အေးကျော်ဖြစ်ကြောင်း၊၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၌ မြောက်ဦးမြို့နယ်အတွင်း မြောက်ဦးတပ်နယ်မှ စစ်သည် ၁ ဦး ဈေးဝယ်စဉ် ဖမ်းဆီးခြင်းနှင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း တပ်နယ်မိသားစုမှ အရပ်သား လူငယ် ၂ ဦး ဖမ်းဆီးခြင်းအား ၎င်းဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
အဆိုပါ AA အကြမ်းဖက် သောင်းကျန်းသူ အေးကျော်အား စက်တင်ဘာ ၂၈ ရက်နေ့ နံနက်စာကျွေးမွေးရန် ဆောင်ရွက်စဉ် စစ်ကြောရေး အဖွဲ့ဝင်၏ ပစ္စတို သေနတ်အား လုယူ၍ မိမိကိုယ်ကို ပစ်ခတ်ခဲ့ရာ ရရှိဒဏ်ရာဖြင့် သေဆုံး ခဲ့ကြောင်း သိရသည်။
အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူ တပ်ကြပ်ကြီးအဆင့်ရှိ အေးကျော်၏ အလောင်းအား မြောက်ဦးမြို့နယ် ရဲစခန်းသို့အပ်နှံ၍ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။