နေပြည်တော်၊ စက်တင်ဘာ - ၂၉
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် မဟာဗျူဟာမြောက် စစ်ဦးစီး လေ့ကျင့်ခန်း KAVKAZ-2020 (Caucasus 2020) သို့တက်ရောက်ခဲ့သော ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၂၈ ရက် ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ Sheremetyevo အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိကြသည်။
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါမြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံမှ ပြန်လည်ထွက်ခွာလာ သည့် ခရီးစဉ်နှင့်အတူ ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ရုရှားနိုင်ငံတွင် ရောက်ရှိကာ ခရီးသွားလာရန် ခက်ခဲလျက်ရှိသော သင်တန်းသား အရပ်သူ၊ အရပ်သား ၂ ဦး၊ မြန်မာ့ တပ်မတော်မှ သင်တန်းသား အရာရှိ ၇၅ ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ မိသားစုဝင် ၂ ဦးတို့ကို ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် ပြန်လည်လိုက်ပါ လာသူများကို လေဆိပ်၌ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက COVID-19 ရောဂါဆိုင်ရာ ကျန်းမာရေး သတ်မှတ်ချက်များအတိုင်း စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ၎င်းတို့အား Home Quarantine ၊ Facilities Quarantine စနစ်တကျ ထားရှိကာ သတ်မှတ်ရက်များ အတိုင်း နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူ၍ စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မဟာဗျူဟာမြောက် စစ်ဦးစီးလေ့ကျင့်ခန်း KAVKAZ-2020 (Caucasus 2020)ကို အာမေးနီးယားနိုင်ငံ၊ ဘီလာရုစ်နိုင်ငံ၊ တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံနှင့် ပါကစ္စတန် နိုင်ငံတို့မှ တပ်မတော်သားများ ပါဝင်လေ့ကျင့်ခဲ့ကြကြောင်းနှင့် အာဇာဘိုင်ဂျန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အီရန်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံများက လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။