နေပြည်တော်၊ စက်တင်ဘာ - ၂၉
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များနှင့် သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်း၊ကွမ်း အဆင်ပြေစေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ် ပစ္စည်းများကို ပေးအပ် လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေမြိုင်ကျောင်းတိုက်၊ ရတနာပင်စည် ကျောင်းတိုက်၊ သုခမြင့်မိုရ် ကျောင်းတိုက်နှင့် ဂရုဏာ ကမ္ဘာဘိုးဘွားရိပ်သာ၊ လယ်ဝေးမြို့နယ်၊ အောင်ချမ်းသာ သီလရှင် စာသင်တိုက်နှင့် ပျဉ်းမနားမြို့နယ်၊ သာသနာ့ဝေပုလ္လကျောင်းတိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၊ သုခိတာရုံကျောင်းတိုက်၊ မိုင်းရှူးမြို့၊ ဓမ္မရက္ခစတုဝတီကျောင်းတိုက်၊ လင်းခေးမြို့၊ မဟာဝိဟာရ ဘုန်းတော်ကြီးကျောင်းနှင့် ပင်ဝေါင်ဓမ္မရက္ခိတ ဘုန်းတော်ကြီးကျောင်း၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ ကျိုက်မုရောစေတီတော်တောင်ပေါ်ကျောင်းတိုက်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ၊ ဂုဏ်ရည်လှိုင် ကျောင်းတိုက်၊ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာ၊ သာသနလင်္ကာရ မိုင်းဖုန်းကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ ဖန်ချက်တောရကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ခါတော်မှီကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ ရွှေလင်ပန်း ဘုန်းတော်ကြီးကျောင်းနှင့် သဲကုန်းမြို့နယ်၊ ဇီးအုပ်ကျေးရွာ၊ ဓမ္မသုခအောင်တော်မူ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းကြသည်။
ထို့အပြင် COVID-19 ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေး အထောက်အကူဖြစ် စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ အပါအဝင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဖယ်ခုံမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ပင်လောင်းမြို့၊ နမ့်စန်မြို့၊ မိုင်းရှူးမြို့၊ လင်းခေးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဘောလခဲမြို့နှင့် မယ်စဲ့မြို့၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ သဲကုန်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများကို COVID-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလို လက်သန့်ဆေးရည်များ၊ Maskများ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများ ဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာ ပေးခြင်းများကို ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။