နေပြည်တော်၊ စက်တင်ဘာ - ၂၉
တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ရာသီဥတု ဖောက်ပြန်၍ မိုးခေါင်မှုကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးခဲ့သော မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ကိုလည်း ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာ မြို့နယ်၊ ခွေးမလောင်ကျေးရွာ၊ ငလဲကျေးရွာနှင့် ကြောင်သိုက်ကျေးရွာတို့မှ သီးနှံများ ပျက်စီးဆုံးရှုံးခဲ့သော တောင်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲတို့ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စလင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ကျော်နှင့် တာဝန်ရှိသူများက ခွေးမလောင် ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ သွားရောက်ပေးအပ်သည်။
ဦးစွာ တပ်နယ်မှူးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သီးနှံများပျက်စီးခဲ့သည့် ကျေးရွာ ၃ ရွာတို့မှ အိမ်ထောင်စု ၈၆၁ စု၊ တောင်သူ ၃၄၄၄ ဦးအတွက် ဆန် ၅၄၄ အိတ်၊ ဆီ ၉၇၅ ပိဿာ၊ ဆား ၈၅၃ ပိဿာနှင့် ပဲ ၁၄၆၄ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးတို့က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
"အခုလို COVID-19 ဖြစ်ပွားချိန်မှာ လာရောက်လှူဒါန်းပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တကွ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြီးပြည့်စုံကြပါစေ"ဟု တောင်သူတစ်ဦးက ပြောကြားသည်။
အဆိုပါ ခွေးမလောင်ကျေးရွာ၊ ငလဲကျေးရွာနှင့် ကြောင်သိုက်ကျေးရွာတို့မှ သီးနှံများပျက်စီးဆုံးရှုံးခဲ့မှုသည် စုစုပေါင်း ၁၀၉၂ ဧက ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ တပ်မတော်က ထောက်ပံ့ပေးအပ်ခြင်းအပေါ် ဒေသခံတောင်သူများနှင့် ကျေးရွာနေပြည်သူများမှ အထူးပင် ဝမ်းမြောက်၍ ကျေးဇူးတင် ရှိကြောင်း သတင်းရရှိသည်။