နေပြည်တော်၊ စက်တင်ဘာ - ၂၉
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့ရှိခဲ့သော သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များအတွက် မဇ္ဈိမဂုဏ်ရည် ဆရာတော် ဒေါက်တာ အရှင်ကောဝိဒနှင့် မဇ္ဈိမသာသနာပြု ဥပတ္ထမ္ဘကအဖွဲ့ကြီးက အလှူငွေများနှင့် စားသောက် ဖွယ်ရာများကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမ၌ လာရောက်ပေးအပ် လှူဒါန်းကြသည်။
ဦးစွာ အလှူရှင်များဖြစ်သည့် မဇ္ဈိမဂုဏ်ရည် ဆရာတော်နှင့် ဥပတ္ထမ္ဘက အဖွဲ့ကြီး ကိုယ်စား ဦးအောင်ကိုဇော်တို့က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ထို့နောက် အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်၌ သီတင်းသုံးနေထိုင် လျက်ရှိသည့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့သံဃာတော် ၁၈၈ ပါးအတွက် အလှူငွေကျပ်သိန်း ၂၀၀ ၊ ရေသန့်ဘူးနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ မှော်ဘီမြို့နယ်၊ တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းနှင့် နယ်မြေခံ ဆေးတပ်ရင်းတို့၌ သီတင်းသုံး နေထိုင်လျက်ရှိသည့် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သံဃာတော်များ၊ သီလရှင်များနှင့်လူပုဂ္ဂိုလ်များ အတွက် အလှူငွေကျပ်သိန်း ၂၀၀ ၊ ရေသန့်ဘူးနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။