နေပြည်တော်၊ စက်တင်ဘာ - ၂၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး နန့်ကောင်း ချောင်းနှင့် အင်းတော်ချောင်းရေ မြင့်တက်လာမှုတို့ကြောင့် စက်တင်ဘာ ၂၈ ရက်တွင် ကာမိုင်းမြို့ပေါ်ရှိ မြေနိမ့်ပိုင်း ရပ်ကွက်များဖြစ်သော မအူပင်ရပ်ကွက်၊ မြစိမ်းရောင်ရပ်ကွက်၊ လမောင်ကထောင်ရပ်ကွက်၊ ဇီးကျွန်းရပ်ကွက်၊ မြို့မ(၁)ရပ်ကွက်နှင့် မြို့မ(၂)ရပ်ကွက်များ၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်များမှ အိမ်ခြေ ၁၄၆ လုံး၊ အိမ်ထောင်စု ၁၄၆ စု၊ လူဦးရေ ၆၇၈ ဦးတို့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရေဘေးလွတ်ရာနေရာများဖြစ်သည့် မအူပင်စုနှစ်ခြင်းဘုရား ကျောင်းဝန်း၊ ကျေးဇူတော်ဘော်ဒါဆောင်၊ ကာမိုင်းနှစ်ခြင်းဘုရား ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ဇီးကျွန်း)နှင့် မဟာဝိသုဒ္ဓါရာမဘုန်းတော်ကြီး ကျောင်း(မြို့မ)တို့သို့ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးပြီး သောက်သုံးရေ၊ ထမင်းဘူးနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။
အလားတူ တနိုင်းမြို့နယ်၌ နန်ဗျူချောင်းရေမြင့်တက်မှုကြောင့် ဂျိုဆာဒီးကျေးရွာ အတွင်း ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့ရာ ယနေ့တွင် နယ်မြေခံ တပ်မတော်သားများက ရေဘေး သင့်ပြည်သူများအတွက် ရေသန့်ဘူးများ၊ ထမင်းဘူးများနှင့် စားသောက်ဖွယ်ရာများကို သွားရောက်ထောက်ပံ့ ပေးအပ်သည်။
ထို့ပြင် ဖားကန့်မြို့နယ်၊ ပါဟုတ်ကျေးရွာဟောင်းအနီး ကားမိုင်း-ဖားကန့်သွား ကားလမ်းပေါ်သို့ ရေကျော်မှု၊ ဗန်းမော်မြို့နယ်၊ မြလယ်ကျေးရွာ ဗန်းမော်-ရွှေကူ-မန္တလေး သွားကားလမ်းပေါ်နှင့် ကောင်တုံဘုရားရှေ့လမ်းမပေါ်တို့၌ ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် စက်တင်ဘာ ၂၈ ရက်နှင့် ယနေ့တို့တွင် သက်ဆိုင်ရာ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယာဉ်များ လမ်းချော်မှုမဖြစ်စေရေး လမ်းနယ် အမှတ်အသားများ ငုတ်ရိုက်ကြိုးတားပေးခြင်း၊ ဒေသခံပြည်သူများ သွားလာမှု အဆင်ပြေ စေရေးအတွက် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။