ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

ယမန်နေ့မှအဆက်

အမှတ်စဉ်(၁၇၉)

    သို့ကြောင့် ရွှေနန်းတော်ကြီး အတွင်းအပြင် ရတနာပုံ ရွှေမြို့တော်ကြီး အတွင်းအပြင်နှင့်တကွ နိုင်ငံတော် တစ်ဝန်းလုံး အုန်းအုန်းခြိမ့်ခြိမ့် ပျော်ရွှင်နှစ်သိမ့်စွာ စီမံဆောင်ရွက်ဖွယ်ရာ ကိစ္စအ၀၀တို့ကို တာဝန်ကျသူတိုင်း ကူးသန်းသွားလာဆောင်ရွက်ကာ နေကြရလေသည်။

သီပေါမင်းတရားကြီးနှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်တို့ပြုလုပ် မည်ဖြစ်သော  သီရိပဝေသနဘိသိက်ခံရန် အခမ်းအနားတွင် ရှစ်ပါးသော ပုဏ္ဏားတော်ကြီးများက ဘိသိက်ရွတ်ဆို သွန်းလောင်းကြရမည်ဖြစ်ရာ ဘိသိက်တော်ပန်းများ ထည့်ရမည်ဖြစ်သော နဝရတ်ကိုးပါး စီခြယ်သည့်ရွှေဖလားကို ကိုင်ရမည့်သူမှာ ရာဇဘိသေကကျမ်း၏ ထုံးတမ်းစဉ်လာအတိုင်း အပြစ်ခြောက်ပါး ကင်းစင်သည့် ဂေါရီအရွယ်မှ ကုမ္မာရီနယ်သို့ပြောင်းဝင်စ ကညာစင် မိန်းမလှကလေး တစ်ဦးဖြစ်ရမည်ဟု ဆိုထားလေသည်။

ယင်းသည့်    စာဆိုကျမ်းထွက်နှင့် ကိုက်ညီသော မှူးကြီးမတ်ရာမျိုးနွယ်ဝင် ကညာစင်ကို ရှာဖွေရွေးချယ်ရန် အလုပ်တာဝန်တစ်ခုမှာ ရနောင်မြို့စား လက်သုံးတော်ကြီး မောင်မောင်တုတ်နှင့် ဘုရင့်အိမ်တော်ပါ စာဆိုတော်ကြီး တောင်သမန်လယ်စား စီးတော်မြင်းဝန် ရွှေတိုက်စိုးမောင်မောင်ဖေ(မောင်ဖေငယ်)တို့ အပေါ်သို့ တာဝန်ကျရောက်လာသည်။

သို့ကြောင့် မိမိတို့အပေါ်တွင် ကျရောက်လာသော တာဝန်ကို စိတ်ရောကိုယ်ပါ မျက်နှာအားရ ဆောင်ရွက်လိုလှ၍ ကျမ်းထွက်အရ အချောဆုံး အလှဆုံး ကညာစင်တစ်ဦးကို ရှာဖွေကြရသည်။

ရွှေနန်းတော်အတွင်းမှ နန်းတွင်းရှိ ဝန်ကြီး၊ မှူးကြီး၊ မြို့စား၊ ရွာစားများကလည်း ၎င်းတို့နှင့်နီးစပ်ရာ အချောအလှ အရွယ်အသင့်ဆုံးအမျိုးသမီးတို့အား ရှာဖွေရေး တာဝန်ယူရသော မောင်မောင်တုတ်တို့အား ညွှန်ကြားကူညီကြလေသည်။

နောက်ဆုံးတွင် အနှစ်သက်ဆုံး အကိုက်ညီဆုံး တစ်ယောက်ကို တညီတညွတ်တည်း ရွေးချယ်မိကြသည်။ တညီတညွတ်တည်းက ကျမ်းဂန်ထွက်နှင့် ကိုက်ညီလှပေသည်ဟု အရွေးအချယ်ခံရသူ အမျိုးသမီးကလေးသည်ကား ဒိုင်းအတွင်းဝန်မင်း၏ သမီးခင်ခင်ကြီးဆိုသူ ကလေးဖြစ်လေ၏။ ခင်ခင်ကြီးအား ဒိုင်းအတွင်းဝန်၏ သမီးဖြစ်ခြင်းကြောင့် ဒိုင်းခင်ခင်ကြီးဟု လည်းကောင်း၊ ဒိုင်းခင်ခင်ဟူ၍ လည်းကောင်းခေါ်ကြသည်။

ဒိုင်းအတွင်းဝန်မင်းမှာ ခမ်းပတ်မင်းကြီး၏ သားဖြစ်လေသည်။ မင်းတုန်းမင်းတရားကြီး လက်ထက် ခမ်းပတ်မင်းကြီးကို  ဝန်ကြီးခန့်ပြီးသောအခါ ၎င်း၏သား ဦးဘိုးကြီးကို ဒိုင်းဝင်ခန့်သည်။ နောက် သီပေါမင်းတရား လက်ထက်တွင် ဒိုင်းဝန်ကို အတွင်းဝန်ခန့်ပြန်သောကြောင့် ဒိုင်းအတွင်းဝန်ဟု ခေါ်ခြင်းဖြစ်လေသည်။ ထို့နောက် ပုဂံမြို့ကို မြို့စားပေးပြန်၍ ပုဂံအတွင်းဝန်ဟုလည်း ခေါ်ကြသည်။

ဒိုင်းအတွင်းဝန် ဦးဘိုးကြီးမင်းသမီး ဒိုင်းခင်ခင်ကြီးမှာ သမီးအရင်းမဟုတ်။  ဒိုင်းအတွင်းဝန်ကတော်မှာ သားသမီးမထွန်းကားပေ။ အတွင်းဝန်ကတော်ကြီး၏ မောင်အရင်းဖြစ်သူ  ဇနက်ပလာ ဆန်ဝန်ဦးဘိုထင်၏ သမီးဖြစ်၍ တူမအရင်းကို ငယ်စဉ်ကပင် အပိုင်ယူ၍ သမီးရင်းအဖြစ် မွေးစားခြင်း ခံရသူဖြစ်လေသည်။

ဒိုင်းခင်ခင်ကြီးသည် ရာဇဘိသေက ကျမ်းထွက်နှင့် အညီ၊ ငါးရပ်သော ကောင်းခြင်းလက္ခဏာနှင့် ပြည့်စုံ၍ ခြောက်ပါးသော ပစ္ဆာမငြိ အကျင့်သိက္ခာရှိလျက် အမျိုးအနွယ်၏ စင်ကြယ်သန့်ရှင်းခြင်း၊ ဂေါရီနှင့် ကုမ္မာရီနယ်အကူး ထူးမြတ်သော ရုပ်ဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာရှင်ဖြစ်၍ ဘိသိက်တော်ဆက် ကညာစင်အဖြစ် ရွေးချယ်လိုက်ကြခြင်းဖြစ်လေသည်။

သီပေါဘုရင်မင်းနှင့် အဂ္ဂမဟေသီမိဖုရားကြီး စုဖုရားလတ်တို့သည် ရွှေထီးရွှေနန်းတက်ပြီးနောက် ဘုန်းကျက်သရေ တိုးတက်စေရန် ထီးဆောင်းမင်္ဂလာ မဟာဥကင်သဖွင့်တော်မူ၍(သီရိပဝေသနဘိသိက်) သွန်းခံတော်မူရန် အခမ်းအနားကျင်းပမည့် နေ့ရက်သို့တိုင်ရောက်ခဲ့သောအခါ ရွှေနန်းတော်သစ်တပ် ပတ်လည်နှင့် ရွှေနန်းတော်ကြီးပတ်လည်တို့မှာ ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခြေလျင်တပ် စသော စစ်အင်္ဂါလေးပါးတို့ဖြင့် ကျင်းပဝိုင်းရံထားလေသည်။

မြေနန်းတော်ပေါ်၏ ဝဲယာတို့တွင်ကား နေရာတော်နေ၊ မင်းညီမင်းသားများ၊ မှူးတော်မတ်တော်များ၊ စော်ဘွားမြို့စားများ၊ ဝန်စုမှူးစု၊ စုရေးစုကိုင်၊ သူဌေးသူကြွယ်တို့ကထုံးစံအတိုင်း အသီးသီး ခစားလျက်ရှိနေကြသည်။

ရင်ပြင်ဝန်းကျင်၌    အတီးအမှုတ်မျိုးစုံလင်စွာ အပြင် ဝဲ-ယာအငြိမ့်များနှင့် အောင်စည်တော်များ ယွမ်းလျက် ဘိသိက်တော်ဆက်ဆိုင်ရာမှ ပုဏ္ဏားတော်များကလည်း

ရွတ်ဖတ်ဆက်သပြီးလျှင်   ဘိသိက်တော်ရေစင်နှင့် ဘိသိက်တော်ပန်းများ ပါရှိသော ရတနာကိုးပါးအတိဖြင့် ပြုလုပ်ထားသော ရွှေဖလားကို အဆင်းလက္ခဏာ ကောင်းခြင်းငါးဖြာဖြင့် ပြည့်စုံသူ ဘိသိက်တော်ဆက် ကညာစင် ဒိုင်းခင်ခင်ကြီးက အရှင်နှစ်ပါး၏အနီးတွင် ကိုင်မြှောက်ကာ ခစားနေရသည်။

အခါတော်ရောက်လျှင် ထီးဆောင်းမင်္ဂလာ မဟာဥကင်သ ဖွင့်တော်မူပြီး သီရိပဝေသနဘိသိက် ရေသွန်းခံတော်မူ၍ သီပေါမင်းတရားကြီးက “သီရိပဝရာဒီတျာလောကာဓိပတိပဏ္ဍိတ၊ မဟာဓမ္မရာဇာဓိရာဇာ ”ဟူသော ဘွဲ့တံဆိပ်နာမည်ကို ခံတော်မူပြီးလျှင် နန်းမတော်မိဖုရားခေါင်ကြီး စုဖုရားလတ်မှာ “ သီရိပဝရ မဟာရာဇိန္ဓာဘိ၊ သုဓမ္မရတနာ စန္ဒာဒေဝီ ”ဟူသော ဘွဲ့တံဆိပ်နာမံကို ခံယူတော်မူလျက် ဘုန်းကျက်သရေဖွင့် ဘိသိက်ခံအခမ်းအနားကို အောင်မြင်စွာ ကျင်းပတော်မူလေသည်။

နန်းတွင်းနန်းပြင်နှင့်တကွ ရွှေမြို့တော်လေးပြင်လေးရပ်တို့မှာ လည်းကောင်း၊ နိုင်ငံတော်တစ်ဝန်းလုံးတွင် သော်လည်းကောင်း  ပျော်ရွှင်ဖွယ်ရာ  ပွဲလမ်းသဘင်များကို သီတင်းတစ်ပတ်လည်အောင် ဆင်နွှဲစေသည်။

ထို့နောက် နန်းတော်မြို့ရိုးအပြင်ဘက် ကျုံးတော်လေးမျက်နှာတို့တွင်လည်း သဲဖြူရာဇမတ်ခင်းခြင်း၊ သပြေပန်းနှင့် ရေချမ်းအိုးများစိုက်ဆောက်ကာ ပြည်သူလူထု၏အလေးအမြတ်ပြုခြင်းများကို ခံယူရန် အရှင်နှစ်ပါးက ကျုံးတော်တွင်းမှ ရေကင်းသံများဖြင့်ပြီးသည့် ရွှေလှေရွှေလောင်းတို့ခြံရံကာ ကရဝိက်ရွှေဖောင်တော်ကို စီးကာကျုံးတော်လေးမျက်နှာ တစ်ပတ်ပြည့်အောင် လှည့်၍ပြည်သူများကို မေတ္တာတုံ့ပြန် အဖူးအမြော်ခံကာ စံနန်းတော်ကြီးသို့ပြန်၍ ဝင်တော်မူကြလေသည်။

မင်းပြောင်းမင်းလွှဲကိစ္စတို့ကြောင့်   တစ်ကြောင်း၊ သုတ်သင်ခံရသော မင်းသားများကိစ္စကြောင့် တစ်ကြောင်း၊ အလိုတော်ရိ မင်းမြှောင်စိုးကပ်တို့၏ မလိုတစ်မျိုး နိုင်ထက်စီးနင်းပြုမူမှုတို့ကြောင့် တစ်ကြောင်း၊ ဦးခေါင်းမျှ မဖော်ဝံ့အောင် ကြောက်ရွံ့၍ ထိုင်းမှိုင်းတွေဝေစိတ် သောကပွေလျက်ရှိရှာကြသော နေပြည်တော်သူ၊ နေပြည်တော်သားတို့မှာ ပျော်ပွဲရွှင်ပွဲများကြောင့် ညစ်ညူးနောက်ကျိနေသော စိတ်များသည်လည်း ပွဲလမ်းသဘင်တည်း ဟူသောရေစင်နှင့် ပက်ဖျန်းခြင်း ခံရသောကြောင့် ခေတ္တခဏမျှ အေးချမ်းပျော်ရွှင်မှုကို ရရှိသွားကြလေသည်။

နန်းတော်တွင်းမှာလည်း ပျော်ရွှင်မှုကြောင့် မငြိမ်မသက် လှုပ်ရှားချောက်ချားနေကြသော စိတ်များ အနှစ်အနည်ထိုင်၍သွားကြကာ သည်ဘုရင်နှင့် သည်နန်းတော်ပေါ်မှာ ဖြစ်သလိုပျော်ပါတော့မည်ဟု စိတ်နှလုံးတုံးတုံး ချထားလိုက်ကြလေ၏။

ရာဇပဝေသနဘိသိက်တော်ခံ အခမ်းအနားကြီး ပြီးစီးသွားခဲ့သည့်နောက်ပိုင်းတွင် နန်းမတော်ကြီးစုဖုရားလတ်သည် စိတ်တော်အထူးကြည်သာလျက် နှစ်သက်ပျော်ရွှင်စွာ မောင်းမမိဿံ ခြွေရံတစ်စုတို့အား မြှောက်စားတော်မူရာမှ အခမ်းအနားပြုလုပ်စဉ်က ဘိသိက်တော်ဆက် ကညာစင်အဖြစ် ရွေးကောက်ခံရသူ ဒိုင်းခင်ခင်ကြီးကို သတိရတော်မူပြီး အပါးတော်တွင်ခေါ်ယူ၍ သူကောင်းပြုတော်မူလိုကြောင်း အမိန့်ရှိသောအခါ ရနောင်မောင်မောင်တုတ်နှင့် တောင်သမန်လယ်စား စာဆိုတော် မောင်ဖေငယ်တို့က ဒိုင်းအတွင်းဝန်မင်းနှင့် ဝန်ကတော်ကြီးထံ လာရောက် အကြောင်းကြားရလေသည်။ ဒိုင်းအတွင်းဝန်မင်းနှင့် ဝန်ကတော်တို့မှာ မြှောက်စားတော်မူလိုသည်ဆိုသော အမိန့်တော်ကြောင့် ဝမ်းမြောက်ဝမ်းသာနှင့်ပင်  သမီးခင်ခင်ကြီးအား  မိဖုရားကြီးစုဖုရားလတ်၏ နန်းမတော်အဆောင်တော်သို့ လာရောက်ပို့ဆက် ထားကြရလေသည်။

နန်းတက်ခါစ ယင်းအချိန်ကမူ မှူးကြီးမတ်ကြီးတို့ သမီးငယ်ကလေးများကို စုဖုရားလတ် အဆောင်တော်အတွင်းတွင် လာရောက်ခစားစေသည်။ ၎င်းတို့အား အပျိုတော်သစ်ကလေးများအဖြစ် မြို့စားရွာစား ဘွဲ့အမည် ရာထူးအသစ်များ ပေးသနားလေ့ရှိသည်။ ယခင် အိမ်တော်ပါအပျိုတော် အထိန်းတော်များမှာ အရွယ်ရောက်ကြပြီးသူ အိမ်ထောင်ကျကြပြီး သားသမီးများနှင့်ပင် ဖြစ်နေကြရာ ၎င်းတို့မှာလည်း စုဖုရားလတ်အပါး၌ ခစားထမ်းရွက်မြဲ ထမ်းရွက်ကြရလေသည်။

မှူးမတ်သမီး အပျိုတော်ငယ်အသစ်ကလေး များမှာမူ အသက်အရွယ် ၈ နှစ်မှ ၁၃ နှစ်အရွယ် အတွင်းရှိ၍ အလွန်ငယ်ရွယ်သူ ကလေးများဖြစ်ကြလေသည်။

ဒိုင်းခင်ခင်ကြီးကဲ့သို့ ၁၃ နှစ်သမီးအရွယ် ရွယ်တူမတိမ်းမယိမ်းဖြစ်သော ပင်းအတွင်းဝန်မင်း၏ သမီးကလေး တစ်ဦးကိုလည်း စုဖုရားလတ်ထံပါး၌ စေစားတော်မူထားသည်။

ယင်းအမျိုးသမီးကလေးမှာ ပင်းအတွင်းဝန်မင်း၏ သမီးဖြစ်လေသောကြောင့် (ပင်းခင်ခင်ကြီး)ဟူ၍ အမည်ရှိသည်။ ရုပ်ရည်လှပမှု၊ ကြန်အင်လက္ခဏာပြည့်စုံမှုတို့တွင် ဒိုင်းခင်ခင်ကြီးနှင့် ပင်းခင်ခင်ကြီးတို့မှာ အရည်အသွေးမျှသော ပတ္တမြားရတနာ တစ်စုံကဲ့သို့ရှိသူများဖြစ်လေသည်။         

  ဆက်လက်ဖော်ပြပါမည်။