ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၈၀)

ဒိုင်းခင်ခင်ကြီးရောက်လာသောအခါ ပင်းခင်ခင်ကြီးနှင့် အရွယ်တူ ရုပ်ဆင်းအင်္ဂါလှပကြော့ရှင်းမှုချင်း အတူတူဖြစ်၍ မြင်ရသူတို့ ကြည့်၍မရောင့်ရဲနိုင်အောင်ပင်ရှိကြလေသည်။ ပင်းအတွင်းဝန်မင်းနှင့် ဒိုင်းအတွင်းဝင် မင်းတို့သည် ရနောင်မင်းသား မောင်မောင်တုတ်၊ စာဆိုတော်တောင်သမန်လယ်စား မောင်မောင်ဖေတို့နှင့် ဆွေမျိုးရင်းချာကဲ့သို့ မူလကပင် အကျွမ်းတဝင် ဝင်ထွက်နေကြသူများဖြစ်ရုံမက တောင်သမန်လယ်စား မောင်မောင်ဖေမှာ ဘိုးတော်ဘုရား၏သားတော် ရွှေကူမင်းသား၏ မြေးတော်တော်စပ်သောကြောင့် မင်းသွေးမကင်းသူဖြစ်ပြီးလျှင် သီပေါမင်းတရားနန်းရှေ့ ရွှေကျောင်းတော်တွင် စာသင်ချိန် ခုနစ်နှစ်၊ ရှစ်နှစ်သားအရွယ်ကပင် အတူတကွ နေထိုင်ရသူဖြစ်သည်။ သီပေါမင်းတရားထက်ခုနစ်နှစ်မျှသာအသက်ကြီး၍ ထိုစဉ်က ကလေးသူငယ်အရွယ်သာရှိသေးသည်။

မိဖုရားကြီးစုဖုရားလတ်အပါးတော်၌ ခစားရသောမှူးသမီး၊ မတ်သမီး၊ အပျိုတော်ငယ်ကလေးများ အများအပြားရှိသည်။ ၎င်းင်းတို့မှ မြို့စားရွာစား ချီးမြှင့်ထားခြင်းခံရသူများကား-

ပထနဂိုရ်မြို့စား ခင်လေးရှစ်နှစ်သမီး။  ညောင်ပင်သာမြို့စားခင်လေးရှစ်နှစ်သမီး။   မြင်းကွန်းမြို့စား ခင်လေးကိုးနှစ်သမီး။ တောင်တွင်းချောင်မြို့စား ခင်သန့်ရှစ်နှစ်သမီး။   ညောင်လှရွာစား ညောင်လှခင်လေးရှစ်နှစ်သမီး။ ပုံးမူရွာစား ပုံးမူခင်လေးရှစ်နှစ်သမီး။ ယင်းမာချောင်းရွာစားခင်လေး ရှစ်နှစ်သမီး။ သာယာဝတီရွာစားခင်လေး ကုလားဝန်၏သမီးခုနစ်နှစ်သမီး။ ဖောင်ဂျင်းရွာစား ခင်ဇာလိပ်ခုနစ်နှစ်သမီး။ ငဘဲမြို့စားခင်လေးရှစ်နှစ်သမီး။ သရက်ချောင်းမြို့စား ခင်လေးငါးနှစ်သမီး။ ညောင်ဝန်း ဝန်ထောက်မင်းသမီး ညောင်ဝန်းခင်လေးကြီးရှစ်နှစ်သမီး။ မြေဒူးဝန်မင်းသမီးကိုးနှစ်။ ကျောက်မြောင်းအတွင်းဝန်သမီးရှစ်နှစ်။ ပင်းသာမင်းသား မောင်မောင်ဗြောင်းသမီးတောင်သာမြို့စားရှစ်နှစ်။ ပင်းအတွင်းဝန်မင်းသမီး ၁၂ နှစ်။ ဒိုင်းအတွင်းဝန်မင်းသမီး ၁၃ နှစ်။လယ်ကိုင်းဝန်မင်းသမီး လယ်ကိုင်းခင်လေးကြီး ၁၀ နှစ်သမီး။ မြစ်စဉ်ဝန်မင်းသမီးရှစ်နှစ်။ ပေါက်စိမ်းရွာစားခင်မေ၁၁ နှစ်သမီး။ မတ္တရာမြို့စားခင်လေး ၁၀ နှစ်။ စစ်ကိုင်းဝန်သမီး အပျိုတော်မမမြင့် ၁၉ နှစ်။ အပျိုတော်ပင်လယ် မြို့စား ခင်ပု ၁၉ နှစ်သမီး။ အပျိုတော်တကောင်း ခင်ပု၁၉ နှစ်။ အပျိုတော် မန်ကျည်းကန်ရွာစား ခင်လေး၁၈ နှစ်သမီး အိမ်တော်ပါနှင့်တကွ။ ကျန်အပျိုတော်အသက် ၂၀ နှင့် ၂၀ အထက်တို့ကား အိမ်တော်ပါများ ချည်းလည်းကောင်း။ ဝန်ကတော်များသည်လည်းကောင်း အများအပြားရှိကြလေသေးသည်။ ၎င်းတို့ကို နန်းမတော်ဆောင်တွင် တိုင်တားမင်းကြီး၏သမီး ပန်းတိမ်းမြို့စား အပျိုတော်ကြီးက ကြီးမှူးအုပ်ချုပ်၍ သက်ငယ်ပိုင်းတွင်မူ ပန်းတိမ်းသခင်ခေါ် အပျိုတော်ကြီး၏ ချွေးမတော်သူ မံသကြီးရွာစားက ထိန်းချုပ်ကွပ်ကဲခြင်း ပြုရလေသည်။

သို့ကြောင့် မိဖုရားကြီး စုဖုရားလက်ထံတွင် ခစားနေထိုင်ရသူ အပျိုတော်ကြီးငယ်ရွယ်လတ်တို့က ပန်းတိမ်းသခင် နှင့်၎င်း၏ချွေးမ မံသကြီးရွာစားတို့၏သြဇာကို နာခံကြရသည်။ ကြောက်ရွံ့လေးစားကြရသည်။ ထိုသူနှစ်ဦးသည် စုဖုရားလတ်မှလွဲလျှင် အနောက်ဆောင် မင်းမိန်းမတို့အပိုင်းတွင်   အာဏာအရှိဆုံးပုဂ္ဂိုလ်များ ဖြစ်ကြလေသည်။

မိဖုရားကြီးစုဖုရားလတ်ကလည်း ၎င်းတို့နှစ်ဦးအား အထူးယုံကြည်သဒ္ဓါတော်မူထားသည်တစ်ကြောင်း၊ ၎င်းတို့ကလည်း စုဖုရားလတ်၏ လက်ရုံးတစ်ဖက်ဖြစ်၍ ချက်ဆိုနားခွက်က မီးတောက်နိုင်သူ မျက်နှာရိပ်မျက်နှာ ကဲကြည့်လျက် နှုတ်သွက်လက်သွက် အကျိုးတော်ဆောင်ရွက်နိုင်သူများ ဖြစ်လေသည်။

ပင်းခင်ခင်ကြီးမှာ ဒိုင်းခင်ခင်ကြီးထက်စော၍ စုဖုရားလတ်ထံတွင် ဝင်ထွက်ခစားနေပြီးသူဖြစ်လေသည်။ ပင်းအတွင်းဝန်မင်း၏အမည်မှာ ဦးစံငြိမ်းဟူ၍ခေါ်သည်။

ပင်းမြို့ကိုစားရသောကြောင့် အတွင်းဝန်ဂုဏ်ထူးနှင့် တွဲဖက်လျက် ပင်းအတွင်းဝန်မင်းဟုခေါ်ခြင်း ဖြစ်သည်။

ပင်းခင်ခင်ကြီး၏ဖခင် ပင်းအတွင်းဝန်မင်း ဦးစံငြိမ်းသည် အတွင်းဝန်ဆိုသည့်အတိုင်း နန်းတော်ပေါ်တွင်သာ အမှုတော်ထမ်းရသူဖြစ်သည်။ ၁၂၄၇ ခု ညောင်ရမ်းမင်းအရေးကြောင့် ခေတ္တသွားရသည်မှအပ ပင်းမြို့သို့ သွားရောက်အုပ်ချုပ်နေထိုင်ရသူမဟုတ်။ ပင်းမြို့သားဇာတိလည်း မဟုတ်ပေ။ ပင်းမြို့ကိုစားရသော အတွင်းဝန်သာဖြစ်လေသည်။ ပင်းမြို့တွင် ကြီးကြပ်အုပ်ချုပ်ရသူများမှာ အဝေးမြို့ဝန် မြို့သူကြီး စသူများဖြစ်သည်။

ထိုခေတ်အခါက ပင်း၊ နတ်မောက်၊ ကျောက်ပန်းတောင်းဆိုသော မြို့ကြီးသုံးမြို့ကို အဝေးမြို့ဝန်က အုပ်ချုပ်ပြီး မြို့သူကြီးနှင့် ၎င်းင်း၏လက်အောက်ကလန်အဝှမ်းခေါ် အမှုထမ်းတို့လည်းရှိသည်။ တစ်ခါတစ်ရံပင်းမြို့ဝန် သီးသန့်ရှိ၍ တစ်ခါတစ်ရံ နတ်မောက်နှင့်တွဲ၍နှစ်မြို့ဝန်။ တစ်ခါတစ်ရံ ကျောက်ပန်းတောင်းနှင့် တွဲ၍သုံးမြို့ဝန် စသဖြင့်ရှိသည်။ ပင်း၊ နတ်မောက်၊ ကျောက်ပန်းတောင်း သုံးမြို့မှ မြို့သူကြီးမင်းများမှာဂုဏ်သိက္ခာအာဏာရရှိသူ သမာဓိရှိပုဂ္ဂိုလ်များဖြစ်ကြသည်။ ရှေးခေတ်အခါက   မြို့သူကြီးဟူ၍မခေါ်ဘဲ(မြို့မင်းကြီး)ဟူ၍ တရိုတသေခေါ်ဝေါ်ကြလေသည်။

ဥပမာ ကျောက်ပန်းတောင်းမြို့စားကြီး၊ ပင်း မြို့စားကြီးဟူ၍  ခေါ်ခဲ့ကြသည်။  သို့သော် ကျောက်ပန်းတောင်းမြို့ မင်းကြီး ပင်းမြို့ မင်းကြီး ဟုမြို့ကို ပုဒ်ဖြတ်လွဲလာသောအခါ မြို့မင်းကြီး(မြို့သူကြီး)မှ(မင်းကြီး)ဖြစ်သွားသည်။ အလားတူ ပင်း မြို့မင်းကြီး မှပင်းမြို့ မင်းကြီး ဖြစ်သွားသည်။ (မင်းကြီး)နှင့်(မြို့မင်းကြီး)တို့ ကွာခြားမှုမှာ မင်းကြီးက မြို့သူကြီးတို့ထက်ဂုဏ်ချင်းများစွာကွာခြားပေသည်။

မင်းကြီးအတွင်းဝန်များက လွှတ်တော်မှ တန်ခိုးပျံ့နှံ့ရာ တစ်နိုင်ငံလုံးကို အုပ်ချုပ်နိုင်သူဖြစ်၍ မြို့သူကြီးနှင့်အဝေးမြို့ဝန်တို့က မိမိတို့အုပ်ရသော မြို့တစ်မြို့နှင့်သာ သက်ဆိုင်အာဏာပေးနိုင်သူများဖြစ်သည်။ အဝေးမြို့ဝန်များမှာလည်း လွှတ်တော်ဝန်ကြီးတို့ အဆင့်အတန်းမျိုးမဟုတ်၊ ဝန်စုမှူးစုခေါ်သော လက်အောက်ခံ အုပ်စုအမှုထမ်းများသာဖြစ်ကြပေသည်။

ပင်းအတွင်းဝန် ဦးစံငြိမ်း၏ဇနီး အတွင်းဝန်ကတော်ကြီးမှာ မွေးချင်းသုံးဦးရှိ၍ အစ်ကိုအကြီးဆုံးဖြစ်သူမှာ လင်္ကာရာမဆရာတော်ဘုရားဖြစ်ပါသည်။ ဒုတိယသမီးအလတ်မှာ ပင်းအတွင်းဝန်ကတော်ကြီး ဖြစ်ပါသည်။

တတိယသမီးအငယ်မှာ နိုင်ငံခြားဝန်ထောက် ဦးခြိမ့်၏ဇနီး ဝန်ထောက်ကတော်ကြီးဖြစ်ပါသည်။

၎င်းင်းတို့၏မိခင်မှာ မမပုဖြစ်၍ မမပု၏ညီမအရင်း မမဥမှာလည်း   သားသမီးသုံးယောက်ထွန်းကားပြီး အကြီးဆုံး ပထမသမီးက မမခိုင်၊ ဒုတိယသမီးက အမှာတော်ရေးကတော်၊ တတိယသား မောင်ဘိုကြီးဖြစ်သည်။

ပင်းခင်ခင်ကြီး နန်းမတော်ကြီး စုဖုရားလတ်ထံ ခစားနေထိုင်သောအခါ သူ၏အဒေါ်မမခိုင်ပါ အတူအဆောင်တော်မှလိုက်၍ နေထိုင်စောင့်ရှောက်ရပါသည်။

မမခိုင်၏မိခင်ဖြစ်သူမှာ မမဥ၏ခင်ပွန်းမှာ ဝန်စာရေးကြီးဦးအေးဖြစ်ပါသည်။ ဦးအေး၏နှမအရင်း မယ်ဗိုင်းသည် ပုဂံမင်းအကြီးတော် ဦးမှုံနှင့်သင့်မြတ်သဖြင့် တောင်ငူခရိုင်ဝန်ဦးဖား၊ ဝက်မစွတ်မြို့စား ဝန်ထောက်ဦးလတ်၊ သံတော်ဆင့်ကတော် ခင်မိမိ၊ စာရေးတော်ကြီး ဦးချစ်ကလေးတို့ကို ဖွားမြင်သဖြင့် မင်းတုန်းမင်းတရားကြီးနှင့် သီပေါမင်းတရားတို့ မင်းနှစ်လက်ထက်စလုံးတွင် အစဉ်အဆက်အမှုထမ်းရန် အထူးသူကောင်းပြုခြင်းခံရသူများဖြစ်ကြပါသည်။

ဒိုင်းခင်ခင်ကြီး၏မိခင် ဒိုင်းအတွင်းဝန်ကတော်ကြီးမှာ ကျန်းမာရေးမကောင်းသူဖြစ်သည်။ မီးယပ်ရောဂါကြောင့် ခြေတစ်ဖက်ကလည်း မသန်မစွမ်းရှိသည်။

သို့ကြောင့် နန်းတွင်းရှိ သမီးနှင့်အတူလိုက်ပါစောင့်ရှောက်နေထိုင်ခြင်း မပြုနိုင်သဖြင့် တစ်ခါတစ်ရံမှသာ လာရောက်ခစားတတ်ရာ၊ စုဖုရားလတ်ကလည်း ဒိုင်းအတွင်းဝန်ကတော်ကြီးအား ကျန်းမာရေးမကောင်းသည်ကို အကြောင်းပြုလျက် ခွင့်လွှတ်ခြင်းပြုသည်။

တောင်သမန်လယ်စား ရွှေတိုက်စိုးကိုဖေငယ်ကမူ နှမရင်းချာပမာ ခင်မင်ရင်းနှီးသူဖြစ်၍ ခင်ခင်ကြီးအား ဂရုတစိုက်ပြုစုယုယလေ့ရှိသည်။ ဒိုင်းအတွင်းဝန်ကတော်ကြီးထံသို့လည်း မကြာခဏသွားရောက်ကာ ခင်ခင်ကြီး စုဖုရားလတ်ထံ၌ ကျန်းမာပျော်ရွှင်စွာ ခစားနေထိုင်လျက် ရှိကြောင်း သတင်းပို့လေ့ရှိသည်။

ဒိုင်းအတွင်းဝန်သမီး ခင်ခင်ကြီးနှင့် ပင်းအတွင်းဝန်သမီး ခင်ခင်ကြီးတို့ နာမည်တူရသောအကြောင်းမှာလည်း ရတနာပုံခေတ် နန်းတွင်းယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ မှူးမျိုးမတ်မျိုးသားသမီးမှန်လျှင် သားများကို မောင်မောင်၊ သမီးများကို ခင်ခင် ဟူ၍ချည်းခေါ်လေ့ရှိသည်။ သားအကြီးဖြစ်လျှင် မောင်မောင်ကြီး၊ အလတ်ဆိုလျှင်  မောင်မောင်လတ်၊  အငယ်ဆိုလျှင် မောင်မောင်ကလေး။

ဒဂုန်ခင်ခင်လေး