ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ယမန်နေ့မှအဆက်

အမှတ်စဉ်(၁၈၄)

မြို့သူမြို့သား၊ ဆင်းရဲသား၊ ကုန်သည်ပိုင်းကလည်း ရတနာပုံရွှေမြို့တော်ကြီးမှာ ကျီးလန့်စာစား လုပ်ကိုင် ရောင်းဝယ်စားနေရသည်ထက် အင်္ဂလိပ်ပိုင် အောက်မြို့ကျေးရွာများတွင် အေးချမ်းစွာ နေထိုင်လို၊ ရောင်းဝယ်ဖောက်ကား လိုကြသဖြင့် အဆက်အသွယ် ဆွေမျိုးမိတ်ဆွေများရှိရာ အောက်ပြည်ရန်ကုန်သို့ ပြောင်းရွှေ့သွားကြသူတွေလည်း မနည်းလှတော့ပေ။

မိဖုရားခေါင်ကြီး စုဖုရားလတ်သည် ၎င်းဖြစ်ရပ်များကိုလည်း စိတ်တော်ထဲတွင် အသေးအဖွဲ့ ကိစ္စရပ်ကလေးများဟုသာ အမှတ်ပြုလျက် ရွှေနန်းတော်ထက်၌ အာဏာလက်နက်ကို စိတ်တိုင်းကျ အသုံးချခဲ့သည်။ မင်းလိုလိုက် မင်းအကြိုက်ဆောင်သူများမှာကား ရွှေနန်းတော်ကြီးပေါ်တွင် ပျော်တပြုံးပြုံး တရုံးရုံးတအုံးအုံးနှင့် ရှိကြလေသည်။

မိဖုရားခေါင်ကြီးသည် ရွှေနန်းစည်းစိမ်ကို မငြီးမငွေ့ ခံစား၍ မကုန်အောင် စံစားနေချိန်တွင် သီပေါမင်းကလေးမှာ မိဖုရားအလိုကို လိုက်လျောညီထွေပြုလျက် တစ်ဖက်မှ လက်သုံးတော်ကြီးများနှင့် မိမိဘာသာ အေးချမ်းစွာ စံနေလျက်ရှိခဲ့သည်။ ဤသို့သော အခြေအနေပေါ်တွင် မိဖုရားကြီး၏ သြဇာလွှမ်းမိုးထားခြင်း ခံရသော သီပေါမင်းတရားအတွက် အခံရအခက်ဆုံး ဖြစ်နေရသူမှာ လက်သုံးတော် မြောက်ဒဝယ်ဗိုလ်ရနောင်မြို့စား မင်းသားကြီး မောင်မောင်တုတ်ဖြစ်လေသည်။ သို့ကြောင့် ဆရာသခင်ထံ အခစားဝင်လေတိုင်း မောင်မောင်တုတ်က သီပေါမင်းတရားအား စိတ်ထားတော် ပြောင်းလာစေရန် အခွင့်သာတိုင်း တင်လျှောက်လေ့ရှိ၏။   ရနောင်မင်းသား မောင်မောင်တုတ်တင် လျှောက်သော စကားများတွင် စုဖုရားလတ် မနှစ်သက်ဆုံးသော စကားများ၊ အကြံပေးချက်များ ပါဝင်လေသည်။ မိဖုရားခေါင်ကြီး စုဖုရားလတ်သည် ပထမသားတော် ရွှေကိုယ်တော် ကွယ်လွန်သွားပြီးနောက် ယခုအခါ ဒုတိယရင်သွေးတော် ရတနာကို နှုတ်ငုံသန္ဓေတော်ရှိနေသဖြင့် သားဦးအစားပြန်ရပြီ ဖြစ်သောကြောင့် ဝမ်းမြောက်ဝမ်းသာ ရှိတော်မူလှသဖြင့် သန္ဓေတော်မရင့်မီကပင် ကျန်းမာရေးကို အထူးဂရုပြု၍ နန်းမတော်ဆောင်ဝယ် အသွယ်သွယ်သော စိတ်ပျော်ရွှင်ကြည်နူးဖွယ်တို့ ခြံရံနေတော်မူလျက်ရှိသည်။ မြို့စားရွာစား အပျိုတော်ကြီးများကလည်း မိဖုရားကြီးထံပါး၌ခစားထမ်းရွက်ကာ    ဒုတိယရင်သွေးတော် ရတနာအတွက် လိုအပ်သမျှ ပြင်ဆင်နေကြသည်။ အပျိုတော်ငယ်ကလေးများမှာလည်း မိဖုရားခေါင်ကြီး မျက်နှာတော်သာ၍ ပျော်ရွှင်စွာစံစားနေခိုက်တွင် သူတို့မှာလည်းရှေးကထက် ပျော်ရွှင်ကြည်နူးလျက်ရှိကြလေသည်။

သီပေါဘုရင်မင်းမြတ်သည် ဘမရာသနဆောင်တွင် စံနေခိုက် ဗြဲတိုက်သို့လည်း အခိုက်အတန့် ထွက်တော်မူပြီး အတွင်းဝန်ကြီးများနှင့် တိုင်းရေးပြည်ရာ ဆွေးနွေးခြင်းများ ပြုလေ့ရှိသည်။ သို့ရာတွင် အခါများစွာတို့၌ နံ့သာနန်းနှင့်  ပန်းခုံတော်မှာစံနေပြီး  ငြီးငွေ့မှုကို ငယ်ကျွန်တော်များနှင့်   စကားမိန့်ဆိုခြင်းပြုကာ ဖြေဖျောက်တော်မူလေ့ရှိသည်။

ငယ်ကျွန်တော်များဆိုရာ၌လည်း လက်ပွန်းတတီး ရင်းနှီးလှသော လက်သုံးတော်ကြီး မြောက်ဒဝယ်ဗိုလ် ရနောင်မင်းသား မောင်မောင်တုတ်နှင့် စီးတော်မြင်းဝန် ရွှေတိုက်စိုး၊ တောင်သမန်လယ်စား မောင်မောင်ဖေ (မောင်ဖေငယ်)တို့ နှစ်ဦးကိုသာ တိုးတိုးဖော် အတိုင်အပင်ပြုလေ့ရှိသည်။ လက်သုံးတော်ကြီး နှစ်ဦးကလည်း ငြီးငွေ့တော်မူနေသော သီပေါမင်းအား စကားအရာလိမ္မာပါးနပ်စွာနှင့် ရွှေနားတော်ဝင်အောင် လျှောက်တင်လေ့ရှိသည်။ မောင်မောင်ဖေက စာဆိုတော်ကြီး ပီသစွာနှင့်အငြိုးတော်ပြေစရာ တေးကဗျာများ သီကုံးဆက်သသည်။ အများအားဖြင့် မယ်ဘွဲ့များ။

မောင်မောင်တုတ်က အငြိုးတော်ပြေရန် အကြံဉာဏ်ပေးရာ၌ ချောမောလှပသော မိဖုရားကလေးများ အပိုထားရန် ရည်သန်တော်မူပါက မိမိက ရွှေနန်းတော်ပေါ်မှ အချောဆုံးအလှဆုံး အရွယ်နုနုငယ်ငယ်ကလေးများကို  ရှေ့တော်ရောက်  ပို့ဆက်နိုင်ပါကြောင်းနှင့် လမ်းခင်း၍ ပေးလေသည်။

သီပေါမင်းက “ မောင်မောင်တုတ် ယင်းသို့ တင်သွင်းသည်ကို လက်ခံတော်မူလိုသည်။ သို့ရာတွင် စုဖုရားလတ်က အလိုမကျသည်ကို စိုးရိမ်သည်။ စုဖုရားလတ်သည် အစ်မတော်အရင်းဖြစ်သော  စုဖုရားကြီးကိုပင်လျှင် ငြိုငြင်တော်မူခဲ့သူဖြစ်ရာ၊ နောက်ဖြစ်လာမည့် မိဖုရားငယ်များကိုလည်း လက်ခံနိုင်မည် မထင်ကြောင်း အမိန့်ရှိသည်။ မောင်မောင်တုတ်က သီပေါမင်းအား ရှင်ဘုရင်ထုံးစံ အနည်းဆုံး မိဖုရားလေးပါးတော့ ထားသင့်ကြောင်း အခါပေါင်းများစွာ သွေးထိုးနေသူဖြစ်သည်နှင့် အညီ သီပေါမင်းစိတ်တော်နည်းနည်း ညွှတ်လာပြီကို သိသောအခါ...

စုဖုရားကြီးနှင့်ဖြစ်ကြရသော ကိစ္စမှာ သာမန်ကိစ္စမျိုး မဟုတ် အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး ရာထူးကိစ္စကြောင့်    ဤမျှပြဿနာတက်ခဲ့ရခြင်း ဖြစ်ကြောင်း၊  မြောက်နန်း၊ အနောက်နန်းစသော နန်းဆောင်ရ မိဖုရားငယ်ထားရာတွင်မူ   စုဖုရားလတ်က  မကြည်ဖြူနိုင်စရာ အကြောင်းမရှိပါကြောင်းနှင့်    လမ်းကြောင်းပေး၍ လျှောက်တင်သောအခါ သီပေါမင်းက သဘောပေါက်တော်မူလာသည်။

သို့ကြောင့် မြောက်ဆောင် မိဖုရားငယ်တစ်ပါးကို သူလိုလားခဲ့သည်မှာ အချိန်အတန်ကြာခဲ့ပြီဖြစ်ကြောင်း ဖွင့်ဟမိန့်ကြားလိုက်လေသည်။

ဤတွင်    မောင်မောင်တုတ်သည် လည်းကောင်း၊ မောင်ဖေငယ်သည် လည်းကောင်း၊ အရှင့်အလိုကျ အမှုထမ်း ဆောင်ရွက်ပေးရတော့မည်ဟု ဝမ်းမြောက်ရွှင်လန်း၍ လက်ခမောင်းခတ်မိကြလေသည်။ သီပေါမင်းက မြောက်နန်းမိဖုရားဆိုပါက တောင်နန်းမိဖုရားကြီး စုဖုရားလတ်နှင့် အပြိုင်အဆိုင်ဖြစ်နေဦးမည် စိုးရိမ်တော်မူူပြန်၍ မြောက်နန်း မိဖုရားထက် တစ်ဆင့်ငယ်သော မြောက်ရွှေရေးဆောင်၊ တောင်ရွှေရေးစသော တတိယဆင့်တွင် ထားမည်ဆိုလျှင် လက်ခံမည်ထင်သည်။  သို့ရာတွင် ရုတ်တရက် အသိပေးခြင်း မပြုသေးဘဲထား၍ စုဖုရားလတ်၏ အရိပ်အကဲကို ခတ်ပြီးမှသာ မြောက်ရွှေရေးဆောင်နှင့် တောင်ရွှေရေးဆောင် မိဖုရားများ ထားတော်မူတော့မည့် အကြောင်းကို  အတိအလင်း ထုတ်ဖော်တော်မူမည်ဖြစ်ကြောင်း  အမိန့်တော်ရှိလေသည်။

မောင်မောင်တုတ်သည် လည်းကောင်း၊ မောင်ဖေငယ်သည် လည်းကောင်း  အရှင်သခင်၏ အလိုတော်ကို ကောင်းစွာနားလည် သဘောပေါက်ကြသဖြင့် မိမိတို့က ဆောင်ရွက်ရန် အသင့်ပင်ဖြစ်ပါကြောင်း၊ ရွှေနန်းရှင်ဘုရား  ရည်ရွယ်တော်မူသူများရှိလျှင်  အတိအလင်း အမိန့်တော်ရှိပါမည့်အကြောင်း  လျှောက်တင်ကြလေသည်။

သီပေါမင်းတရားကြီးက   ငယ်ကျွန်တော်များ၏ လျှောက်ထားချက်ကို နှစ်သက်တော်မူသဖြင့် မိမိအလိုတော်ရှိသော တောင်ရွှေရေးဆောင် မိဖုရားတစ်နေရာကို လျာထားမိသူ တစ်ဦးနှင့် မြောက်ရွှေရေးဆောင် တစ်နေရာကို  လျာထားမိသူတစ်ဦး  ပေါင်းနှစ်ဦးရှိကြောင်း။ ၎င်းငတို့မှာ ရွှေနန်းတော်အတွင်းတွင် ခစားနေထိုင်လျက်ရှိသော ဒိုင်းအတွင်းဝန်မင်း၏သမီး ဒိုင်းခင်ခင်ကြီးနှင့် ပင်းအတွင်းဝန်မင်း၏သမီး ပင်းခင်ခင်ကြီးတို့ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော်၍ အမိန့်တော်ရှိလိုက်သည်။

မောင်မောင်တုတ်နှင့် မောင်ဖေငယ်တို့က အမိန့်တော်ကိုကြားသိရသောအခါ အမိန့်တော်မရှိမီကပင် မိမိတို့စိတ်ကူးဖြင့် လျာထားမိသောသူ ကလေးများဖြစ်နေခြင်းကြောင့် ဝမ်းမြောက်မိကြသည်။

ဒိုင်းခင်ခင်ကြီးမှာ မောင်ဖေငယ်နှင့် ရင်းနှီးချစ်ခင်သူဖြစ်၍ ပင်းခင်ခင်ကြီးမှာ ရနောင်မောင်မောင်တုတ်နှင့် ဆွေမျိုးသားချင်းပမာ ခင်မင်ကျွမ်းဝင် လာသူများဖြစ်ကြောင်း၊  နှစ်ဦးစလုံးပင်  အရွယ်ငယ်သည်နှင့်အမျှ ရုပ်ဆင်းအင်္ဂါ လှပရာ၌လည်း       ဘုရင်မင်းမြတ်တို့ တော်ကောက်လောက်သော အဆင်းရူပကာယ ပိုင်ရှင်များဖြစ်ကြောင်းနှင့် နှစ်ထောင်းအားရ လျှောက်တင်ကြလေသည်။

သီပေါမင်းတရားက   ငယ်ကျွန်တော်များ၏ လျှောက်တင်ချက်ကို ကြားတော်မူရာ...

“ကောင်းလှပါပြီ မောင်မင်းများ၊ ဒိုင်းခင်ခင်ကြီးကို မြောက်ရွှေရေးဆောင် မိဖုရားအရာ မြှောက်စားတော်မူမည်၊ ပင်းခင်ခင်ကြီးကို တောင်ရွှေရေးဆောင် မိဖုရားအရာနှင့် မြှောက်စားတော်မူမည်။ သို့ရာတွင် အတိအလင်း မိဖုရားရာထူးမြှောက်စားခြင်း မပြုမီ သည်မိန်းကလေးများနှင့် အဆက်အသွယ် ပြုတော်မူထားချင်သည်။ စုဖုရားလတ် သန္ဓေတော်ထိန်းသိမ်းခြင်းကအစ ရင်သွေးတော်ကို ဖွားမြင်တော်မူပြီးချိန်အထိ ကိုယ်တော်တစ်ပါးတည်း လွတ်လပ်စွာ စံနေတော်မူမည်ဖြစ်၍ သည်ပန်းခုံတော်တွင် ဒိုင်းခင်ခင်နှင့် စံတော်မူမည်။ မောင်မင်းများက သည်ကိစ္စကို လျှို့ဝှက်စွာ စီစဉ်ပြုပေးကြရမည် ”ဟု အတိအလင်း အမိန့်တော်ရှိလိုက်လေသည်။

ဆက်လက်ဖော်ပြပါမည်။