ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၈၅)

မောင်မောင်တုတ်နှင့်မောင်မောင်ဖေတို့မှာ ကျလာသောတာဝန်ကို လိုလိုလားလား စိတ်အားတက်ကြွစွာ ထမ်းဆောင်ရန် အာမခံကြသည်။

မောင်မောင်ဖေ(တောင်သမန်လယ်စား)က ဒိုင်းခင်ခင်ကြီးကို ရှေ့တော်သို့ပို့ရန် တာဝန်ယူစေ၍ မောင်မောင်တုတ်က  ပင်းခင်ခင်ကြီးကို  အရှင့်ရှေ့တော်သို့ပို့ရန် အသီးသီးတာဝန်ခွဲဝေကြသည်။

ဒိုင်းခင်ခင်ကြီးအတွက် မောင်ဖေငယ်က နန်းတွင်းနန်းပြင်တံခါးမရှိဓားမရှိ ဝင်ထွက်သွားလာနိုင်သူဖြစ်၍ ဒိုင်းခင်ခင်ကြီးကို နန်းမတော်ဆောင် ခစားချိန်ပြီးလျှင် ဝင်ရောက်ခေါ်ယူရန် တာဝန်ကလွယ်ကူလှသည်။

သို့ရာတွင် ဒိုင်းဝန်မင်းနှင့် ဒိုင်းဝန်ကတော်ကြီးတို့အား သမီးရှင်ဖြစ်သောကြောင့် မိမိကသွားရောက်သတင်းပို့ရန် ဝတ္တရားရှိသည်။

သို့ကြောင့် ဒိုင်းအတွင်းဝန်နှင့် ဝန်ကတော်တို့ထံရွှေနန်းရှင်ဘုရားက ဒိုင်းခင်ခင်ကြီးအား မြောက်ရွှေရေး ဆောင်မိဖုရားအဖြစ် ကောက်ယူမြှောက်စားတော်မူလိမ့်မည်ဟု အကျိုးအကြောင်းပြောသောအခါ မိမိတို့သမီးအား မိဖုရားတစ်ဦးအဖြစ် ရောက်ရှိမည်ဟူ၍ မျှော်လင့်ထားခြင်း မရှိဘဲလျက်  ရုတ်တရက်  မိဖုရားတစ်ပါးဖြစ်ရသည်ကို မိဘတို့အဖို့ ကျေနပ်ဝမ်းမြောက်မိသည် ဖြစ်ကြရလေသည်။

မောင်ဖေငယ်ကလည်း နှမရင်းသဖွယ် တွယ်တာခင်မင်ရင်းရှိသူဖြစ်သည့် အားလျော်စွာ ဝမ်းမြောက်ဝမ်းသာ မိမိအကျိုးထက်ပင်   အရှင်သခင်၏ အလိုတော်ကို ဖြည့်တင်းဆောင်ကြဉ်းပေးရန် လက်မနှေးခဲ့သူဖြစ်သော ကြောင့် ရက်များမကြာမီအတွင်းမှာပင် သီပေါဘုရင်မင်းမြတ်စံနေရာ ပန်းခုံတော်သို့ ခင်ခင်ကြီးကို လက်သုံးတော် ယောကျ်ားကလေးသဏ္ဌာန်ဝတ်စားပြီး ညဉ့်လူ့ခြေတိတ်အချိန်တို့တွင် ရွှေနန်းရှင်ထံသို့ ပို့ဆက်ရလေသည်။

နန်းမတော်မိဖုရားခေါင်ကြီး စုဖုရားလတ်မှာ သန္ဓေတော်ရင့်မာရာမှ  မီးရှူးသန့်စင်ဖွားမြင်ချိန်တိုင်အောင် ၄-၅ လခန့်မျှ တစ်ပါးချင်းစံနေချိန်ဖြစ်သောကြောင့် မိမိမျက်ကွယ်၌ သီပေါမင်းတရားနှင့်ဒိုင်းခင်ခင်ကြီးတို့ ပန်းခုံတော်တွင် အချိန်းအချက်ပြုလျက် နေ့စဉ်မပျက်တွေ့ဆုံနေကြခြင်းကို အလျှင်းသိတော်မူခြင်း မရှိခဲ့ချေ။

(ဒိုင်းခင်ခင်ကြီးအကြောင်း အကျယ်သိလိုပါက စာဆိုတော်ဝတ္ထုကြီးတွင်ကြည့်ပါ)။

ရနောင်မင်းသားကြီး မောင်မောင်တုတ်၏ တာဝန်ဖြစ်သော ပင်းခင်ခင်ကြီးအတွက်လည်း ပင်းအတွင်းဝန်မင်းနှင့် ဝန်ကတော်ကြီးတို့အား သွားရောက်သတင်းပို့ရာ ၎င်းတို့ကလည်း သမီးငယ် မိဖုရားဖြစ်မည်ကို နှစ်လိုဝမ်းသာပင် လက်ခံကြလေသည်။

သို့သော် မောင်မောင်တုတ်သည် ပင်းခင်ခင်ကြီးကို ပန်းခုံတော်သို့ ခေါ်ထုတ်ယူရန်မှာ မလွယ်ကူလှချေ။

မောင်ဖေငယ်က ဒိုင်းခင်ခင်ကြီးကိုခေါ်ယူရာတွင် ဒိုင်းဝန်ကတော်ကြီးပါ နန်းမတော်ဆောင်၌ အတူလာရောက်နေထိုင်ခြင်း မရှိ၍ အလွယ်တကူလက်တို့ခေါ်ရုံနှင့်ရသည်။ ပင်းခင်ခင်ကြီးကိုမူ ၎င်း၏ကြီးဒေါ်တော်သူမမခိုင်က အတူလာရောက် နေထိုင်စောင့်ရှောက်လျက်ရှိသောကြောင့်  မောင်မောင်တုတ် အဖို့ ရုတ်တရက် မလွယ်ကူပေ။ ရွှေနန်းတော်ပေါ်၌  တံခါးမရှိ ဓားမရှိဝင်ထွက်နိုင်သူ ဖြစ်စေကာမူ မမခိုင်၏ မခွင့်မသာလျှင် ပင်းခင်ခင်ကြီးကိုခေါ်ယူ၍ လွယ်ကူမည်မဟုတ်ကြောင်း သိရှိရလေသည်။ သို့ကြောင့် မောင်မောင်တုတ်သည် မမခိုင်အား သီပေါမင်းတရားက ပင်းခင်ခင်ကြီးအား တောင်ရွှေရေးဆောင်မိဖုရားအဖြစ် လျာထားကောက်ယူတော်မူမည် ဖြစ်ကြောင်း၊ ပင်းအတွင်းဝန်မင်းနှင့် ဝန်ကတော်တို့အားလည်း သွားရောက်အကြောင်းကြားပြီးပြီ ဖြစ်ကြောင်းများ ပြောဆိုရလေသည်။

မမခိုင်သည် စဉ်းစားချင့်ချိန်တတ်သော မသိအလိမ္မာကြွယ်ဝသူ အမျိုးသမီးကြီးတစ်ဦး ဖြစ်သည့်အတိုင်း တူမငယ်မိဖုရားဖြစ်မည်ကို ဝမ်းမြောက်ရပါသော်လည်း အစစအရာရာဆင်ခြင်တိုင်းတာရန်သင့်ကြောင်း၊ ရွှေရေးဆောင်မိဖုရားအဖြစ်သို့ တရားဝင်အမိန့်တော်ပြန်၍ ကောက်ယူတော်မူမှသာသင့်ပါမည်။ အကယ်၍ နန်းမတော်ဘုရားမသိဘဲ တိတ်တဆိတ် ပုန်းလျှိုးကွယ်လျှိုးပြု၍ နေပါက နောင်အခါ အရှုပ်အထွေးများ ပေါ်ခဲ့သော်သင့်လျော်မည် မဟုတ်ကြောင်း အတန်တန်ငြင်းဆန်လျက် ရှိသောကြောင့် မောင်မောင်တုတ်မှာ ပင်းခင်ခင်ကြီးကို အလွယ်တကူ ပန်းခုံတော်သို့ ပို့ဆက်ခြင်းမပြုနိုင်ဘဲ ရှိခဲ့ရလေသည်။

သို့သော် ရွှေနန်းရှင်၏ အမိန့်တော်ဆို၍ မလွန်ဆန်ဝံ့သောကြောင့် မမခိုင်က တူမပင်းခင်ခင်ကြီးကို သီတင်းတစ်ပတ်လျှင် တစ်ကြိမ်ကျ မောင်မောင်တုတ်ခေါ်ဆောင်ရာ ပန်းခုံတော်သို့ မလွှဲမရှောင်သာ ထည့်လိုက်ရရှာသည်။

သို့သော် ပင်းခင်ခင်ကြီးမှာ ဒိုင်းခင်ခင်ကြီးလောက် ပန်းခုံတော်သို့ ညဉ့်စဉ် ဝင်ရောက်ခစားခြင်း မပြုနိုင်ရှိလေသည်။ သို့ကြောင့် သီပေါမင်းတရားသည် လက်ရင်းတပည့်မောင်မောင်တုတ်၊ မောင်ဖေငယ်တို့ လျှို့ဝှက်စွာ အကျိုးဆောင်ပေးမှုကြောင့် ညဉ့်အခါပန်းခုံတော်၌ မကြာခဏ  ဒိုင်းခင်ခင်ကြီးနှင့် ပင်းခင်ခင်ကြီးတို့ကို အလှည့်ကျတွေ့ဆုံတော်မူရလေသည်။

သို့တွေ့ဆုံတော်မူရာတွင် ဒိုင်းခင်ခင်ကြီးမှာ ပင်းခင်ခင်ကြီးထက် အချိန်စောစွာနှင့်အခါပေါင်းများစွာ လာရောက်

ခစားနိုင်သလောက် ပင်းခင်ခင်ကြီးက အချိန်ကာလသုံးလမျှနောက်ကျ၍လည်းကောင်း၊ အကြိမ်အခါအား ဖြင့်လည်း ဒိုင်းခင်ခင်ကြီးနှင့်စာပါက အရေအတွက် နည်းပါးလှပေသည်။

သီပေါရွှေနန်းရှင်သည် သည်ခင်ခင်ကြီးနှစ်ဦးအား အထူးသဖြင့် သနားချစ်ခင်တော်မူခဲ့သည်။ မကြာမီ အချိန်တွင်လည်း ရွှေရေးဆောင်မိဖုရားအဖြစ် ချီးမြှင့်မြောက်စားတော်မူရန် သန္နိဋ္ဌာန်ချတော်မူထားပြီး ဖြစ်သည်အတိုင်း၊ မောင်မောင်တုတ်နှင့် မောင်ဖေငယ်အား အဆောင်တော်များ အသင့်ပြင်ဆင်ရန်လည်းကောင်း၊ မောင်ဖေငယ်အား ရွှေတိုက်စိုးအရာရှိဖြစ်သောကြောင့်  ရွှေတိုက်တော်မှ  ရွှေရေးဆောင်မိဖုရားတို့ အသုံးအဆောင်၊ အဆင်အယင်များကို ပြုပြင်စီမံစေရန် ရွှေငွေဘဏ္ဍာတော်များ ထုတ်ပေးစေဟူ၍ အမိန့်တော်ရှိခဲ့လေသည်။

သို့ကြောင့် မောင်မောင်တုတ်နှင့် မောင်ဖေငယ်တို့သည် ဒိုင်းခင်ခင်ကြီးနှင့် ပင်းခင်ခင်ကြီးတို့အတွက် တောင်ရွှေရေးဆောင်နှင့်မြောက်ရွှေရေး ဆောင်တော်များကို ပြုပြင်မွမ်းမံစေရန် သက်ဆိုင်ရာ နန်းကံကျွေးဝန်တို့နှင့် တွေ့ဆုံစေခိုင်းလျက်ရှိသည်။ ယင်းအဆောင်တော်များသည် ရွှေနန်းတော်ပေါ်၌ မင်းတုန်းမင်းတရားကြီးလက်ထက်တော်က   ရွှေရေးဆောင်မိဖုရားများ နေထိုင်စံစားခဲ့သော အဆောင်များဖြစ်ရာ ယခုအခါ စံနေမည့်သူမရှိသဖြင့် ဟောင်းနွမ်းနေလေပြီ ဖြစ်လေသည်။

မောင်မောင်တုတ်က ရွှေရေးဆောင်များကို အသစ်မွမ်းမံပြင်ဆင်နေချိန်ဝယ်  တောင်သမန်လယ်စား မောင်ဖေငယ်ကလည်း ရွှေတိုက်တော်ထဲမှ ပစ္စည်းဘဏ္ဍာတော်များကို  ရွှေရေးဆောင်မိဖုရားနှစ်ပါးဖို့ လိုအပ်သောအသုံးအဆောင်၊ အဆင်အယင်၊ အခမ်းအနားများအတွက် ထုတ်ပေးလုပ်ဆောင်စေလျက်ရှိသည်။

ပန်းထိမ်တော်များအားလည်း မိဖုရားအသုံးအဆောင်အဆင့်အတန်းအလိုက် ရွှေသင်ဖြူး၊ ငွေသင်ဖြူး၊ ရွှေဖလား၊ ရွှေကလပ်မှအစ လိုလေသေးမရှိရအောင် စီမံလုပ်ဆောင်စေလျက်ရှိနေလေသည်။ အရှင့်အမိန့်တော်ကြောင့် ဒိုင်းခင်ခင်ကြီးနှင့် ပင်းခင်ခင်ကြီးတို့အား ရွှေရေးဆောင်မိဖုရားများအဖြစ်  စံနေရန်  ရွှေရေး ဆောင်များကို လည်းကောင်း၊ အခမ်းအနားအစီးအနင်း အဆောင်အရွက်များအတွက် ရွှေငွေဘဏ္ဍာတော်များကို လည်းကောင်း၊ ပြုပြင်စီစဉ်နေကြသောအချိန်ကာလ အတွင်းဝယ် နန်းမတော်မိဖုရားခေါင်ကြီး စုဖုရားလတ်မှာ သမီးတော်ဖွားမြင်ချိန်ဖြစ်၍ အခြွေအရံများလည်း မိဖုရားကြီးအနီး၌ အလုပ်တာဝန် များပြားလျက်ရှိကြရာ ညဉ့်အခါ ပန်းခုံတော်၌ သီပေါရွှေနန်းရှင်ဘုရားနှင့် ဒိုင်းခင်ခင်ကြီးတို့ တွေ့ဆုံလျက်ရှိကြသည်ကို မည်သူမျှရိပ်မိသိရှိခြင်း မရှိခဲ့သေးဘဲရှိလေသည်။

ဒိုင်းခင်ခင်ကြီး ညဉ့်စဉ်ပျောက်၍ပျောက်၍ သွားလေ့ရှိသည်ကို မမခိုင်ကသာ သိရှိခဲ့လေသည်။ မမခိုင်သည် သူ၏တူမ ပင်းခင်ခင်ကြီးကိုမူ ညဉ့်စဉ် အပျောက်မခံ၊ မသိမသာကျပ်တည်းထားခဲ့သည်။ မောင်မောင်တုတ်လာရောက်၍   မျက်ရိပ် မျက်ခြည်ပြသခေါ်ငင်သော်လည်း ဥပါယ်တံမျဉ်အကြောင်းရှာ၍ မထည့်ဘဲထားခဲ့သည်။

သို့သော်လည်း ရံဖန်ရံခါမျှ ရွှေနန်းရှင်ဘုရား ငြိုငြင်တော်မူသွားမည်ကို ကြောက်ရွံ့ရပြန်သောကြောင့် ပင်းခင်ခင်ကြီးအား လွှတ်လိုက်ရရှာသည်။ သို့ရာတွင် မမခိုင်မှာစိတ်ထဲမှစိုးရိမ်မှုများက လှိုင်းခတ်လျက်ရှိသည်။

အကယ်၍သာ နန်းမတော်ဘုရားသိတော်မူပြီး သဘောတော်မကျပါလျှင် ဘယ်သောင်ဝင်၍ ဘယ်ကမ်းကို ဆိုက်မည်မသိ။ မိဖုရားခေါင်ကြီး စုဖုရားလတ်သည် အစ်မတော်ရင်းဖြစ်သူ စုဖုရားကြီးကိုပင် ပြတ်ပြတ်သားသား

အနိုင်ယူ၍ထားနိုင်သော ပုဂ္ဂိုလ်ဖြစ်သောကြောင့် ဤကိစ္စများတွင် ကျေနပ်မှုရှိချင်မှရှိပေလိမ့်မည်ဟု ရင်တထိတ်ထိတ်နှင့်ကြိတ်၍ ပူပင်နေရလေသည်။

ဒဂုန်ခင်ခင်လေး