နေပြည်တော်၊ စက်တင်ဘာ - ၃၀
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ စားသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နှင့် လင်းခေးမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ ပြည်သူ့ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံ၊ မိုင်းမောတိုက်နယ် ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ပြည်မြို့တို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးတို့၌ တန်ဖိုးသင့် ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို တပ်မတော်သားများနှင့် မိသားစုဝင်များက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
ထို့ပြင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံ တပ်မတော် သားများနှင့် မိသားစုဝင်များက စားသောက်ကုန်ပစ္စည်းများနှင့် တန်ဖိုးသင့် ထမင်းဟင်းများကို ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ ဟင်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။