ကျွန်းလှ ဧပြီ ၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ကျွန်းလှမြို့နယ်၌ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကော်မတီဝင်များ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး ဒေါ်မြင့်မြင့်ရီက စီမံကိန်း လုပ်ငန်းဆောင်ရွက်နေခြင်းနှင့် သင်တန်း ဖွင့်လှစ်ရခြင်း အကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းပို့ချသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်း ကော်မတီဝင် သင်တန်းသူ မပန်းနုဝေက စီမံကိန်းဆောင်ရွက်ပေးခြင်းနှင့် သင်တန်းဖွင့်လှစ် ပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ သင်တန်းတွင် တိရစ္ဆာန်မွေးမြူထုတ်လုပ်ရေးသင်တန်း၊ ဖိနပ်ချုပ်နည်းနှင့် အခမ်းအနားမှူး သင်တန်းတို့ကို ပို့ချခဲ့ပြီး သင်တန်းသူ ၁၀ ဦး တက်ရောက်ကာ သင်တန်းကာလ ငါးရက်ကြာ စာတွေ့လက်တွေ့ သင်ကြား ပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)