နေပြည်တော် ဧပြီ ၃
ငါးသယံဇာတ ပေါများကြွယ်ဝရန်၊ အာဟာရပြည့်ဝသည့် ငါးစားသုံးမှုတိုးတက်လာစေရန်၊ သဘာဝရေပြင်မှ ငါးဖမ်းခြင်းလုပ်ငန်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိကြစေရန် ရည်ရွယ်၍ နိုင်ငံတော်မှ နှစ်စဉ် ဆည်ကန်များ မြစ်ချောင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရေပေါ်လှောင်အိမ်စနစ်ဖြင့် အခြေအနေပေးသည့် ဆည်ကန်နှင့် သဘာဝရေပြင်ကျယ်များတွင် တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်အထိ မွေးမြူလုပ်ကိုင်နိုင်ရေး အားပေးကူညီလျက်ရှိသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဧပြီ ၂ ရက်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း) ပေါင်းလောင်းမြို့ လိမ်းလီရွာအနီးရှိ ပေါင်းလောင်းဆည်အတွင်း ရေပေါ်လှောင်အိမ်ဖြင့် တီလားဗီးယား ငါးမျိုးများ မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ဒေသနေပြည်သူများ၏ ငွေရောင်ငါးကြင်းနှင့် ထိုင်းငါးခုံးမများအား ဖမ်းယူရောင်းချနေမှုကို ကြည့်ရှုပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိရေး၊ ငါးသယံဇာတများ ရေရှည်ထုတ်ယူသုံးစွဲနိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်အတွင်းရှိ ပုဂ္ဂလိက မွေးမြူရေးခြံများဖြစ်သော ကံကြီးမွေးမြူရေးဇုန်သို့လည်းကောင်း၊ မွေးမြူရေးတောင်သူ ဦးသန်းဌေး၏ ဆိတ်မွေးမြူရေးခြံသို့လည်းကောင်း၊ ( IR ) ဥစားကြက် မွေးမြူရေးခြံသို့ လည်းကောင်းရောက်ရှိပြီး မွေးမြူရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက် လာစေရေးအတွက် အခြေခံကျသည့် လယ်ယာသားငါးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် တန်ဖိုးမြှင့်ကုန်ချောများအဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဒေသရေမြေရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိစေပြီး ဈေးကွက် အလားအလာရှိသော မွေးမြူရေး ထွက်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ဒေသနေပြည်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးကို မျှော်မှန်းဆောင်ရွက်ရေး၊ ဖြစ်ပေါ်တတ်သော တိရစ္ဆာန်ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေး ဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။