နတ်မောက် ဧပြီ ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းစည်းအဝေးကျင်းပခြင်းကို ယနေ့နံနက်ပိုင်းတွင် နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
အဆိုပါ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နတ်မောက်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဆီထွက်သီးနှံအနေဖြင့် နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး တာဝန်ကျအဖွဲ့များ ကွင်းဆင်းဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည်သူများ ကာကွယ်ဆေး ထိုးနှံကြရန် တိုက်တွန်းနှိုးဆော်ပေးရန်၊ သင်္ကြန်ကာလတွင် ဌာနဆိုင်ရာများ အနေဖြင့် လုံခြုံရေး အထူးဂရုပြုကြရန်၊ နှစ်ဆန်း(၁)ရက်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ နှစ်ကူးပရိတ်ရွတ်ဖတ်ခြင်းနှင့် မြို့ပေါ်ခုနစ်ရပ်ကွက်ရှိ သက်ကြီး ဘိုးဘွားများအား သက်ကြီးပူဇော်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက လိုအပ်သည့် အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ တင်ပြဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
လှဝင်း(နတ်မောက်)