ဘားအံမြို့နယ် ကော့ထော်ကျေးရွာအုပ်စု မွေးမြူရေးဇုန်အဝင်လမ်း(သောဘုံလမ်း) ကျောက်ချောလမ်းသစ် ဖွင့်လှစ်

ဘားအံ   ဧပြီ   ၃

ဆောက်လုပ်ရေးဝန်ကြီးဌာန ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ဘားအံမြို့နယ် ကော့ထော်ကျေးရွာအုပ်စု မွေးမြူရေးဇုန်အဝင်လမ်း(သောဘုံလမ်း) ကျောက်ချောလမ်းသစ်ဖွင့်ပွဲကို  ယနေ့နံနက်ပိုင်းတွင် အဆိုပါ လမ်းမုခ်ဦး၌ ကျင်းပသည်။

ကျောက်ချောလမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်    ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သည့် ကျောက်ချောလမ်းသစ်သည် အရှည် ၃ ဖာလုံသာရှိသော်လည်း ဘားအံ-စက်မှုဇုန်လမ်းနှင့် စက်မှုဇုန်-မွေးမြူရေးဇုန်လမ်းတို့အား   ဖြတ်လမ်းသဖွယ် ဖောက်လုပ်ထားခြင်းကြောင့် ဘားအံမြို့မှ ဘိုးဘွားရိပ်သာ၊ စက်မှုဇုန်နှင့်မွေးမြူရေး ဇုန်များသို့သွားလာရာတွင်  ၅ မိုင်ခန့် ခရီးတိုတောင်းသက်သာစေပြီး လမ်းခရီးတွင်ကျယ်မြန်ဆန်လာကြောင်း၊ မွေးမြူရေးဇုန်အဝင်လမ်းကို ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာနှစ် ပြည်နယ်အထွေထွေရန်ပုံငွေ ၇၆  ဒသမ  ၄ သန်းဖြင့်    ဘားအံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောက်ချောလမ်း ၃ ဖာလုံအားဆောင်ရွက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ မွေးမြူရေးဇုန်တွင်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်နယ်အထွေထွေရန်ပုံငွေကျပ်သန်း ၂၀၀ ဖြင့်  မြေသားလမ်း ၄ မိုင်၊ Box Culvert ခြောက်စင်း၊ Pipe Culvert ၁၈ စင်း၊ ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ် ခြောက်လဘတ်ဂျက် ၁၀၆ ဒသမ ၀၄၁ သန်းဖြင့် Box Culvert ၁၁ စင်း၊ Pipe Culvert ၁၀ စင်းတို့ကို ဆောင်ရွက်ပေးပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း မြေသားလမ်းအရှည် ၄ မိုင်အနက် အရှည် ၂ မိုင်အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)  ဦးစောကျော်ဝင်းက  လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကော့ထော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား  လမ်းဖွင့်ပွဲအထိမ်း အမှတ်အလံများ ပေးအပ်သည်။

ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ သယံဇာတရေးရာဝန်ကြီး  ဦးဇော်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး  ရဲမှူးကြီးခင်ဇော်၊ လူမှုရေးရာဝန်ကြီး ဦးစိုးလွင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုတို့က ကျောက်ချောလမ်းသစ်အား  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းအားဖြတ်သန်း ကြည့်ရှု စစ်ဆေးကာ လမ်းဖွင့်ပွဲတွင် ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအကဖြင့် လာရောက်ကပြဖျော်ဖြေကြသည့် ယဉ်ကျေးမှုဒုံး အဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 စောမျိုးမင်းသိန်း(ပြန်/ဆက်)