ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ နနွင်းစိုက်ပျိုးလျက် ရှိရာ ယခုနှစ်တွင် နနွင်းဈေးကောင်းရ၍ နနွင်းစိုက်ပျိုးသူများ စီးပွားရေးအဆင်ပြေ လျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာ တချို့၌ နနွင်းပင်ကို ဘောင်စနစ်ဖြင့် မိုးဦးကာလတွင် စိုက်ပျိုးကြကာ တစ်နှစ် စိုက်ပျိုးပြီးသား နနွင်းပင်ကို လာမည့်မိုး ရာသီတွင် ပြန်လည်စိုက်ပျိုးနိုင်ရန် ပျိုးဘောင်များ ချန်ထားပြီး စိုက်ပျိုးချိန် ဒီဇင်ဘာ လလယ်ခန့်ရောက်မှ အဆိုပါပျိုးဘောင် များမှ နနွင်းတက်များကို တူးဖော်စိုက်ပျိုး ကြခြင်းဖြစ်သည်။ မြေတစ်ဧကလျှင် နနွင်း အစိုတက် ပိဿာချိန် ၃၀၀ ခန့် စိုက်ပျိုးရ ပြီး နနွင်းတစ်ဧကလျှင် ပိဿာချိန် ၈၀၀ ခန့်ထွက်ရှိကြောင်း သိရသည်။
နနွင်းပင်သည် ရေမကြိုက်သည့်အတွက် ကုန်းမြေနေရာများတွင် စိုက်ပျိုးရကြောင်း၊ နနွင်းပင်သည် စိုက်ပျိုးချိန်မှ တူးဖော်ချိန်အထိ ခြောက်လခန့်ကြာမြင့်ကာ တူးဖော်ရရှိသည့် နနွင်းတက်များကို သန့်စင်၍ ရေနွေးဖြင့် ပြုတ်ရကြောင်း၊ နနွင်းပြုတ်သည့်ပေါ်မူတည်၍ နနွင်းမှုန့် ပြန်ကြိတ်သည့်အချိန်ရောက်ပါက အရောင် သုံးရောင်ခန့်ထွက်ရှိတတ်ကြောင်း၊ နနွင်း တက်အစို ၂၅ ပိဿာပြုတ်ပါက နနွင်း ပြုတ်အတက်ခြောက် ငါးပိဿာရရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ နနွင်းအစိုအတက် တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀၊ နေပူ လှန်းပြီးသားအခြောက် တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀၊ ကြိတ်ပြီးသားနနွင်းမှုန့် တစ်ပိဿာလျှင် ငွေကျပ် ၆၀၀၀ ဖြင့် ရောင်းချရပြီး လက်ကားအရောင်းဆိုင်များ ၌ နနွင်းမှုန့်တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရ သည်။
ကိုသားကြီး(ကျောက်ကြီး)