တန့်ယန်းမြို့နယ်၌ ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၃ ရက် နံနက်ပိုင်းတွင် အဆိုပါလမ်းထိပ် မုခ်ဦး၌ကျင်းပရာ တန့်ယန်းမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမိုင်းဟင်္သာထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြကြောင်း တန့်ယန်းမြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။
ရှေးဦးစွာ တန့်ယန်းမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမိုင်းဟင်္သာထွန်းက နတလ ကတ္တရာလမ်းသစ်နှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကတ္တရာလမ်းသစ်ကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တန့်ယန်းမြို့နယ် စည်ပင်သာယာရေး ဌာနမှ တာဝန်ရှိသူများက တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများကို လမ်းဖွင့်ပွဲ အထိမ်းအမှတ် အလံငယ်များပေးအပ်ကာ ကတ္တရာ လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
တန့်ယန်းမြို့နယ် အမှတ်(၃)ရပ်ကွက်တွင် ဖွင့်လှစ်ပေးခဲ့သော နတလကတ္တရာလမ်းသစ်သည် အရှည်ပေ ၉၀၀၊ လမ်းအကျယ် ၁၈ ပေ၊ ထု ၉ လက်မဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေးဌာန ခွင့်ပြုရန်ပုံငွေနှင့် ပြည်သူလူထု ပူးပေါင်းထည့်ဝင်ငွေတို့ဖြင့် ညောင်ရိပ်မိုးကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း တန့်ယန်းမြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမိုင်းဟင်္သာထွန်းထံမှ သိရသည်။