နေပြည်တော်၊ စက်တင်ဘာ - ၃၀
တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာများကို လက်ခံကုသပေးနိုင်ရန်အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက်ထားရှိလျက်ရှိပြီး စက်တင် ဘာ ၂၅ ရက်မှ စတင်လက်ခံ၍ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့လက်ခံကုသပေးလျက်ရှိရာ ယနေ့အထိ မှော်ဘီမြို့နယ်၊ တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သံဃာတော် ၂၉၂ ပါးနှင့် အရပ်သား ၁၅၄ ဦး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်တွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သံဃာတော် ၁၈၈ ပါး၊ လှည်းကူးမြို့နယ်၊ ရဲမွန်မြို့ရှိ နယ်မြေခံ သင်တန်းကျောင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အရပ်သား ၂၉၃ ဦး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သာသနာ့နွယ်ဝင်သီလရှင် ၃၆ ပါးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အရပ်သား ၁၈၈ ဦးတို့ကို အသီးသီး လက်ခံကုသပေးလျက် ရှိကြောင်းနှင့် အဆိုပါဓာတ်ခွဲ လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ ကုသပေးရန်အဆောင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထိုသို့ တပ်မတော်က နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသူများနှင့် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများ၏ ပြောကြားချက်များအား ယခုလိုကြားသိခဲ့ရပါသည်--
“လက်ရှိလူနာတွေကတော့၂၆-၉-၂၀၂၀ ရက်နေ့ ညမှာတော့ အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၈၄ ဦး စုစုပေါင်းလူနာ ၁၄၂ ဦး စတင်ရောက်ရှိလာတာဖြစ်ပါတယ်။ ၂၇ ရက်နေ့မှာတော့ အမျိုးသား ၁၂၅ ဦး၊ အမျိုးသမီး၂၆ ဦး စုစုပေါင်းလူနာ ၁၅၁ ဦး ထပ်မံရောက်ရှိ ခဲ့ပါတယ်။ ယနေ့အထိ ကျွန်တော်တို့ဆီမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာစုစုပေါင်း အမျိုးသား ၁၈၃ ဦး၊ အမျိုးသမီး ၁၁၀ ဦး စုစုပေါင်း ၂၉၃ ဦး လူနာလက်ခံပြီး ကုသပေးလျက်ရှိပါတယ်။
နေထိုင်စားသောက်ရေး အတွက်ကတော့ မနက်ပိုင်းမှာ လက်ဖက်ရည်၊ ထမင်းကြော်၊ တချို့ရက်တွေမှာတော့ ထမင်းဆီဆမ်း၊ ပဲ ပြုတ်နဲ့ ကြက်ဥကြော်၊ တချို့ရက်မှာ ခေါက် ဆွဲကြော်၊ ကြာဆံကြော် အလှည့်ကျကျွေးမွေး ဆောင်ရွက်လျက် ရှိပါတယ်။ ဓာတ်ခွဲအတည် ပြုလူနာတွေကို ဆေးကုသရေး အတွက်ကတော့ တောင်ငူမြို့ နယ်မြေခံဆေးတပ်ရင်းက တပ်မတော်သား ဆရာဝန်များနဲ့ ကုသဆောင်ရွက်လျက်ရှိပါတယ်။ လုံခြုံရေး အတွက်ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန စတဲ့နယ်ဘက် ဆိုင်ရာအဖွဲ့တွေနဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်။
ခုလိုဓာတ်ခွဲ အတည်ပြုလူနာတွေကို လက်ခံဆောင်ရွက်နေတဲ့ အချိန်မှာ လူနာတွေအနေနဲ့ စိတ်အေးချမ်းသာစွာ ဆေးကုသ မှုခံယူနိုင်ရေးအတွက် ကျွန်တော်တို့အနေနဲ့ အဘက်ဘက်ကနေပြီး အဆင်ပြေချောမွေ့အောင် စီစဉ်ဆောင်ရွက် ပေးထားပါတယ်” ဟု ရဲမွန်မြို့ရှိ နယ်မြေခံသင်တန်းကျောင်းမှ အုပ်ချုပ်မှုတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။
ဦးပဥ္ဇင်းကတော့ ၂၄-၉-၂၀၂၀ ရက်နေ့က ဒီကိုရောက်ရှိတာပဲ ဖြစ်ပါတယ်။ ရောက်တဲ့အချိန်ကစပြီးတော့ ဒီမှာရှိတဲ့ ဆရာဝန်များနဲ့ ဆေးဝန်ထမ်းအားလုံးက နေရာထိုင်ခင်းအစစအရာရာ အဆင်ပြေအောင် ကူညီစောင့်ရှောက်ပေးပါတယ်။
ကူးစက်တာကတော့ မှန်းလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပိုးတွေ့တဲ့ သံဃာအားလုံးမှာ လက္ခဏာ မပြတဲ့အတွက် ဦးပဥ္ဇင်းတို့ကျောင်းမှာ ပထမအသုတ် ၁၃ ပါးစစ်တယ်။ ဒုတိယအသုတ် ၁၂၅ ပါးစစ်တယ်။ တတိယအသုတ်၄၅၀ စစ်တယ်။ ဦးပဥ္ဇင်းက တတိယအသုတ်စစ်တဲ့အချိန်မှာ ပိုးတွေ့တယ်ဆိုတာ သိရတာပဲဖြစ်တယ်။ ဒီမှာတော့ ဦးပဥ္ဇင်းတို့ကို ဆရာဝန်တွေကလည်းပြောတယ်။
ဒီရောဂါဝေဒနာက ပျောက်ဆေးတော့ မရှိဘူး။ ဒါပေမဲ့ မိမိတို့မှာ အစားအသောက်မှန်ရမယ်၊ အိပ်ချိန်မှန်ရမယ်၊ ကိုယ်ခံအား ကောင်းနေမယ်ဆိုရင် ဒီရောဂါဝေဒနာသူ့အလိုလို ပိုးကသေတယ်။ အဲလိုပြောတယ်။ ဆရာဝန်တွေက စီဗစ်ကို တစ်နေ့တစ်လုံး တိုက်ပါတယ်။ မနက်ဆိုလည်း ဆွမ်းစီမံပေးတယ်။ နောက်ပြီးတော့ နွားနို့တစ်ခွက်၊ ကြက်ဥနှစ်လုံး၊ နေ့လယ်ဆိုလည်း ဆွမ်းနဲ့နွားနို့တစ်ခွက်၊ ကြက်ဥနှစ်လုံး ပုံမှန်စီစဉ်ပေးပါတယ်။ နောက်ပြီး ငှက်ပျောသီးနဲ့ သစ်သီးတွေကိုလည်းပို့ပေးပါတယ်။ ဆရာဝန်တွေက မနက်တစ်ခါ အပူချိန်တိုင်းတယ်။ ညနေတစ်ခါ အပူချိန်တိုင်းတယ်။
လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ဖို့ ဆရာဝန်တွေက ပြောကြားတယ်။ ဒီရောဂါကို တိုက်ထုတ်ဖို့ဆိုတာ သတ္တိရှိဖို့တော့ လိုပါတယ်။ စားသောက်ချိန်မှန်ရမယ်။ အားရှိအောင်နေရမယ်။ ကိုယ်ခံအားကောင်းအောင်နေရမယ်။
ဦးပဥ္ဇင်းတို့ ညီတော်နောင်တော်များရဲ့ ရပ်ရွာမှာရှိတဲ့ ဆွေမျိုးမိဘ ဆရာသမားတွေကို ပြောကြားလိုပါတယ်။ ဦးပဥ္ဇင်းတို့ COVID-19 ကူးစက်ခံရတဲ့ ညီတော်နောင်တော်အားလုံး ကျန်းမာရေး အကုန်ကောင်းမွန်ကြပါတယ်။ ပုံမှန်လိုပဲရှိကြတယ်။ နှာစေးချောင်းဆိုးတောင် မရှိကြပါဘူး။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်တကွ တပ်မတော်မိသားစု အားလုံးကလည်း ကူညီစောင့်ရှောက် ပေးတဲ့အတွက် စိုးရိမ်ပူပန်မှု မရှိပါနဲ့လို့ပြောကြားလိုပါတယ်။ ဦးပဥ္ဇင်းတို့ ရောဂါပိုး စတွေ့ချိန်မှစ၍ ဦးပဥ္ဇင်းတို့ကို စေတနာမေတ္တာထားပြီးတော့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ဆရာတော်၊ သံဃာတော်များ၊ ဒါယကာ၊ ဒါယိကာမများ လှူဒါန်းပေးကြသော အလှူရှင်များကိုလည်း ကျေးဇူးတင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် တကွ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစု အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”ဟု မှော်ဘီမြို့ရှိ တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းတွင် ဆေးကုသမှုခံယူနေသည့် ဦးပဥ္ဇင်းတစ်ပါးက မိန့်ကြားသည်။