သာစည်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့၌ ငွေကျပ် ၂ ဒသမ ၃၉ ဘီလီယံကျော် တန်ဖိုးရှိ  စိတ်ကြွဆေးပြား ၂၁ သိန်းကျော် ဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ  ၃

သာစည်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ငွေကျပ် ၂ ဒသမ ၃၉ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၁ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၃၁ ရက်  ည ၆ နာရီခွဲတွင်   မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးသွားကားလမ်း ကျွဲတပ်ဆုံစစ်ဆေးရေး စခန်းအနီးတွင်    ကလောမှ သာစည်ဘက်သို့ ဝေပိုင်ဦး မောင်းနှင်ပြီး ၎င်း၏ဇနီး မနန်းမူးကေသာ၊ စောအောင်လွင်ဦး(ခ)အောင်လွင်ဦးနှင့်   ဗိုလ်ဗိုလ်နိုင်တို့ လိုက်ပါလာသည့် ALPHARDမော်တော်ယာဉ်ကို  သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၅ ဒသမ ၈၅ သိန်း  သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဧပြီ ၁ ရက် နံနက် ၁၁ နာရီတွင် ရာပါ(ခ)ကိုကိုမောင် နေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မဉ္ဇူလမ်းရှိ နေအိမ်မှ စိတ်ကြွဆေးပြား ၁၅ ဒသမ ၂ သိန်းနှင့်အတူ Kluger မော်တော်ယာဉ်တစ်စီးတို့ကို လည်းကောင်း၊ ဝေပိုင်ဦးနှင့် မနန်းမူးကေသာတို့ နေထိုင်သည့် ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ်(၈၉)ရပ်ကွက် ကနောင်မင်းသားကြီးလမ်းရှိ    နေအိမ်မှ  Landcruiser မော်တော်ယာဉ်တစ်စီးကို လည်းကောင်း     ထပ်မံသိမ်းဆည်း ရမိခဲ့၍ ဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၃၉ ဘီလီယံကျော် တန်ဖိုးရှိ စုစုပေါင်း စိတ်ကြွဆေးပြား ၂၁ ဒသမ ၀၅ သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။