မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြို့နယ်နယ်ပညာရေးမှူးအား PDF အမည်ခံအကြမ်းဖက်သမားများက သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြို့နယ်နယ်ပညာရေးမှူးအား PDF အမည်ခံအကြမ်းဖက်သမားများက သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်

နေပြည်တော်၊ ဧပြီ ၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြို့နယ်နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီအား PDF အမည်ခံအကြမ်းဖက်သမားများက သေနတ်ဖြင့် ရက်စက်စွာပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ပခုက္ကူမြို့၊ (၁၂)ရပ်ကွက်နေ မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီ (၅၈)နှစ် (ဘ)ဦးလှရွှေသည် မြို့နယ်ပညာရေးမှူးရုံးသို့ တစ်ဦးတည်းဆိုင်ကယ်ဖြင့် သွားရောက်စဉ် (၁၂)ရပ်ကွက်၊ ဧရာဝဏ်လမ်းပေါ်ရှိ “မေမြန်မာ” စတိုး ဆိုင်ရှေ့အရောက်၌ ၎င်း၏ အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် အကြမ်းဖက်သမား အမျိုးသား ၂ ဦးက သေနတ် ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ဒေါ်တင်တင်ရီ ကို အခင်းဖြစ်နေရာလမ်းပေါ်၌ ၎င်းစီးနင်းလာသည့် Super Cub အစိမ်းရောင်ဆိုင်ကယ်ဘေး၌ ဝဲလက်မောင်းကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ဝဲရင်ဘတ်ကျည် ဖောက်ဝင်ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေကိုတွေ့ရှိရပြီး ၎င်း၏အနီးမှ A USA Auto 380 စာတန်းပါကျည်ခွံ ၃ ခုတို့ကို တွေ့ရှိသိမ်းဆည်း ရရှိခဲ့သည်။

ဖြစ်စဉ်တွင် သေဆုံးခဲ့သည့် မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီ၏ အလောင်းအား ပခုက္ကူ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုကဲ့သို့ အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားနိုင်ရန် နိုင်ငံ့ဝန်ထမ်းပီသစွာ ဆောင်ရွက်ပေးလျက်ရှိသည့် မြို့နယ်ပညာရေးမှူးအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါ သည်။