သင်္ကြန်ကာလရုံးပိတ်ရက် နေရပ်ပြန်လိုသူများအတွက် နေပြည်တော်-ရန်ကုန် အထူးရထား ပြေးဆွဲပေးမည်

သင်္ကြန်ကာလရုံးပိတ်ရက် နေရပ်ပြန်လိုသူများအတွက် နေပြည်တော်-ရန်ကုန် အထူးရထား ပြေးဆွဲပေးမည်

နေပြည်တော် ဧပြီ  ၅

သင်္ကြန်ကာလရုံးပိတ်ရက်   နေရပ်ပြန် လိုသူများအတွက်    မြန်မာ့မီးရထားမှ  နေပြည်တော်-ရန်ကုန်  အထူးရထား ပြေးဆွဲပေးမည်ဖြစ်ကြောင်း  မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦး၏  ပြောဆိုချက်အရ သိရသည်။

အဆိုပါ အထူးရထားသည် ဧပြီ ၈ ရက်ည ၇ နာရီတွင် နေပြည်တော်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ စတင်ထွက်ခွာမည် ဖြစ်ကာ ဧပြီ ၁၇ ရက် ည ၇ နာရီတွင် ရန်ကုန်ဘူတာကြီးမှ နေပြည်တော်ဘူတာသို့ ပြန်လည် ထွက်ခွာမည်ဖြစ်ပြီး ရထားလက်မှတ်ခများမှာ   ရိုးရိုးတန်းငွေကျပ် ၂၈၀၀ နှင့်  အထက်တန်း ငွေကျပ် ၅၆၀၀  ဖြစ်ကြောင်း သိရသည်။

“ သင်္ကြန်ကာလမှာ    နေပြည်တော်-ရန်ကုန်     အထူးရထား ပြေးဆွဲပေးမယ်။ အမှတ်(၃)အဆန်၊     အမှတ်(၄)အစုန် ရန်ကုန်-မန္တလေးနဲ့     အမှတ်(၇၁)အဆန်၊ အမှတ်(၇၂)အစုန် ရန်ကုန်-ပြည်ခရီးစဉ်တွေ နားပါမယ်။ RBE ရထားတွေနဲ့ မြို့ပတ် RBE တွဲဆိုင်းတွေလည်း ရပ်နားပါမယ်။ ကျန်စာပို့ရထားတွေပြေးဆွဲပါမယ် ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊   ရန်ကုန်-မော်လမြိုင်၊   ရန်ကုန်-ဥက္ကံ၊  ရန်ကုန်-ပဲခူးခရီးစဉ်များ  ပြေးဆွဲပေးလျက်ရှိပြီး သင်္ကြန်ကာလတွင်  ရန်ကုန်-ပဲခူး  RBE ရထား၊ အမှတ်(၃)အဆန်၊ အမှတ်(၄)အစုန် ရန်ကုန်-မန္တလေး  နှင့် အမှတ်(၇၁)အဆန်၊ အမှတ်(၇၂)အစုန် ရန်ကုန်-ပြည်ခရီးစဉ်များ ရပ်နားမည်ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း၌ တစ်ရက်လျှင် ၂၂ ခေါက်ပြေးဆွဲပေးနေရာမှ သင်္ကြန်ကာလတွင် RBE ရထားများ ရပ်နားမည်ဖြစ်ပြီး တစ်ရက်လျှင်  ရှစ်ခေါက်သာ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။