၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမျိုးသား စီမံကိန်း ဥပဒေပြဋ္ဌာန်း

၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမျိုးသား စီမံကိန်း ဥပဒေပြဋ္ဌာန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေ

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥပဒေအမှတ်  ၂၁ ^၂၀၂၂)

၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော်  ၁၅  ရက်

(၂၀၂၂ ခုနှစ်၊ မတ်လ  ၃၁  ရက်)

နိဒါန်း

နိုင်ငံတော်၏ လူမှုစီးပွားရေးနယ်ပယ် အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုး တိုးတက်မှု ရရှိစေရန် ရည်ရွယ်၍ ချမှတ်ထားသည့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ စနစ်တကျ အကောင်အထည်ဖော်နိုင်ရန် အလို့ငှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။(က)ဤဥပဒေကို ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမျိုးသား စီမံကိန်းဥပဒေဟု ခေါ်တွင်စေရမည်။

    (ခ)ဤဥပဒေသည် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမျိုးသား စီမံကိန်းအတွက် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်အာဏာ တည်စေရမည်။

၂။  ဤဥပဒေသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားစီမံကိန်း ဥပဒေဖြစ်သည်။

၃။  ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်

သက်ရောက်စေရမည်-

    (က)အမျိုးသားစီမံကိန်း ဆိုသည်မှာ တစ်မျိုးသားလုံး၏ လူမှုစီးပွားရေး တစ်ရပ်လုံးအတွက်ဖြစ်စေ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ကဏ္ဍအလိုက် ဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဖြစ်စေ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း မည်ရွေ့မည်မျှ တိုးတက်ရမည်ဆိုသည့် နိုင်ငံတော်၏ ရည်မှန်းချက်များနှင့် လုပ်ငန်းအစီအစဉ်များ ဖြစ်သည်။ အမျိုးသားစီမံကိန်း၌ ကဏ္ဍအလိုက်ဖြစ်စေ၊ ဒေသအလိုက်ဖြစ်စေ ဝိသေသပြု ရေးဆွဲချမှတ်သော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ စက်မှုဇုန်များနှင့် အထူးစီးပွားရေး ဇုန်စီမံကိန်းများ၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ခေတ်မီ စိုက်ပျိုးရေးနည်းပညာကို အခြေခံသော စက်မှုလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ခေတ်မီမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေးစီမံကိန်း၊ မြို့ပြဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း  စသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဘက်စုံဆက်စပ် အကျုံးဝင်သည်ဟု မှတ်ယူရမည်။

    (ခ) စီမံကိန်း ရည်မှန်းချက်ဆိုသည်မှာ သတ်မှတ်ကာလ အတွင်း စီးပွားရေး တစ်ရပ်လုံးအတွက်ဖြစ်စေ၊ ကဏ္ဍအလိုက်ဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဖြစ်စေ မည်ရွေ့မည်မျှ ဖွံ့ဖြိုး တိုးတက်စေရမည်ဟု ရည်မှန်း လျာထားချက်များဖြစ်သည်။

    (ဂ) ဘဏ္ဍာရေးနှစ် ဆိုသည်မှာ ဧပြီလ (၁) ရက်နေ့မှ မတ်လ (၃၁) နေ့အထိ ကာလဖြစ်သည်။

    (ဃ)နှစ်ကုန်ခန့်မှန်းခြေ ဆိုသည်မှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၆)လပတ် အကောင်အထည်ဖော်နိုင်မှုနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (၆)လ အကောင်အထည်ဖော်နိုင်မည့် အခြေအနေတို့ကို ပေါင်းစပ် ခန့်မှန်းထားခြင်းဖြစ်ပါသည်။

    (င) ပုံမှန်ဈေးနှုန်း ဆိုသည်မှာ အခြေခံနှစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းဖြစ်သည်။

    (စ) နှစ်အလိုက်ဈေးနှုန်းဆိုသည်မှာ သက်ဆိုင်ရာ ဘဏ္ဍာရေး နှစ်အလိုက် ဖြစ်ပေါ်သော   ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းဖြစ်သည်။

    (ဆ)သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများဆိုသည်မှာ အမျိုးသား စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သည့် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသဦးစီးအဖွဲ့များ၊ စည်ပင်သာယာရေး ကော်မတီများကိုဆိုသည်။

အခန်း(၂)

စီမံကိန်းရည်မှန်းချက်များ

၄။  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း၏ အရေးကြီးသည့် ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

    (က)စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)ကို  ပုံမှန်ဈေးနှုန်း အရ ၃.၇ ရာခိုင်နှုန်း တိုးတက်ရန်၊

     (ခ)ကဏ္ဍအလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်ဈေးနှုန်းအရ-

        (၁)လယ်ယာကဏ္ဍတွင် ၂.၆ ရာခိုင်နှုန်း တိုးတက်ရန်၊

        (၂)သားငါးကဏ္ဍတွင် ၁.၈ ရာခိုင်နှုန်း တိုးတက်ရန်၊

        (၃)သစ်တောကဏ္ဍတွင် ၁၃.၅ ရာခိုင်နှုန်း လျော့နည်းရန်၊

        (၄)စွမ်းအင်ကဏ္ဍတွင် ၂.၆ ရာခိုင်နှုန်း လျော့နည်းရန်၊

        (၅)သတ္တုနှင့်တွင်းထွက်ပစ္စည်း ကဏ္ဍတွင် ၂၁.၁ ရာခိုင်နှုန်းတိုးတက်ရန်၊

        (၆)စက်မှုလက်မှုကဏ္ဍတွင် ၄.၅ ရာခိုင်နှုန်း တိုးတက်ရန်၊

        (၇)လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ၆.၃ ရာခိုင်နှုန်းတိုးတက်ရန်၊

        (၈)ဆောက်လုပ်မှုကဏ္ဍတွင် ၂.၉  ရာခိုင်နှုန်းတိုးတက်ရန်၊

        (၉)ပို့ဆောင်ရေးကဏ္ဍတွင် ၄.၆ ရာခိုင်နှုန်းတိုးတက်ရန်၊

        (၁၀)ဆက်သွယ်ရေးကဏ္ဍတွင် ၃.၅ ရာခိုင်နှုန်း တိုးတက်ရန်၊

        (၁၁)ငွေရေးကြေးရေးကဏ္ဍတွင် ၄.၁ ရာခိုင်နှုန်းတိုးတက်ရန်၊

        (၁၂)လူမှုရေးနှင့်စီမံခန့်ခွဲရေးကဏ္ဍတွင် ၂.၀ ရာခိုင်နှုန်းတိုးတက်ရန်၊

        (၁၃)အခြားဝန်ဆောင်မှုကဏ္ဍတွင် ၄.၈ ရာခိုင်နှုန်းတိုးတက်ရန်၊

        (၁၄)ကုန်သွယ်မှုကဏ္ဍတွင် ၄.၃ ရာခိုင်နှုန်း တိုးတက်ရန်၊

    (ဂ)တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်ဈေးနှုန်းအရ -

        (၁) ကချင်ပြည်နယ်တွင် ၃.၃ ရာခိုင်နှုန်းတိုးတက်ရန်၊

        (၂)ကယားပြည်နယ်တွင် ၃.၅ ရာခိုင်နှုန်းတိုးတက်ရန်၊

        (၃)ကရင်ပြည်နယ်တွင် ၂.၅ ရာခိုင်နှုန်းတိုးတက်ရန်၊

        (၄)ချင်းပြည်နယ်တွင် ၂.၆  ရာခိုင်နှုန်းတိုးတက်ရန်၊

        (၅)စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄.၂  ရာခိုင်နှုန်းတိုးတက်ရန်၊

        (၆)တနင်္သာရီတိုင်းဒေသကြီးတွင် ၃.၀ ရာခိုင်နှုန်းတိုးတက်ရန်၊

        (၇)ပဲခူးတိုင်းဒေသကြီးတွင် ၄.၀  ရာခိုင်နှုန်းတိုးတက်ရန်၊

        (၈)မကွေးတိုင်းဒေသကြီးတွင် ၃.၅  ရာခိုင်နှုန်းတိုးတက်ရန်၊

        (၉)မန္တလေးတိုင်းဒေသကြီးတွင် ၄.၂ ရာခိုင်နှုန်းတိုးတက်ရန်၊

        (၁၀)မွန်ပြည်နယ်တွင် ၄.၁  ရာခိုင်နှုန်းတိုးတက်ရန်၊

        (၁၁)ရခိုင်ပြည်နယ်တွင် ၁.၉ ရာခိုင်နှုန်းတိုးတက်ရန်၊

        (၁၂)ရန်ကုန်တိုင်းဒေသကြီးတွင် ၄.၂ ရာခိုင်နှုန်းတိုးတက်ရန်၊

        (၁၃)ရှမ်းပြည်နယ်တွင် ၃.၇ ရာခိုင်နှုန်းတိုးတက်ရန်၊

        (၁၄)ဧရာဝတီတိုင်းဒေသကြီးတွင် ၂.၄ ရာခိုင်နှုန်းတိုးတက်ရန်၊

        (၁၅)နေပြည်တော်ကောင်စီနယ်မြေတွင် ၃.၄  ရာခိုင်နှုန်းတိုးတက်ရန်၊

    (ဃ)စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးတွင် နှစ်အလိုက် ဈေးနှုန်းအရ  လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို၂၂.၉ ရာခိုင်နှုန်းမှ ၂၂.၇ ရာခိုင်နှုန်းသို့ လည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၃၇.၁ ရာခိုင်နှုန်းမှ ၃၇.၄ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၄၀.၀ ရာခိုင်နှုန်းမှ ၃၉.၉ ရာခိုင်နှုန်းသို့ လည်းကောင်း အသီးသီးဖြစ်ပေါ်စေရန်၊

    (င)နိုင်ငံပိုင်အခန်းမှ ကျပ် ၇ç၉၈၄.၉ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်၊

    (စ)နှစ်အလိုက်ဈေးနှုန်းအရ ပြည်ပပို့ကုန်ကို အမေရိကန်ဒေါ်လာ ၁၅၅၀၀ သန်း တင်ပို့ရန်နှင့် ပြည်ပသွင်းကုန်ကို အမေရိကန်ဒေါ်လာ ၁၄၀၀၀  သန်း တင်သွင်းရန်၊

    (ဆ)လူတစ်ဦးစီ၏ ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP)ကို နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၂၀၅၂၅၂၈ မှ ကျပ် ၂၂၂၂၂၃၀ သို့ဖြစ်ပေါ်လာရန်။

 

အခန်း(၃)

အထွေထွေ

၅။  သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ပူးတွဲ(၁)၊ (၂)၊ (၃)၊ (၄)၊ (၅) နှင့် (၆) တို့တွင် ဖော်ပြထားသော စီမံကိန်း ရည်မှန်းချက်များကို အဆက်အစပ်မိမိ ပေါင်းစပ်ဖွဲ့စည်းအကောင်အထည် ဖော်ကြရန်ဖြစ်သည်။ စီမံကိန်း ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် လိုအပ်သော လုပ်ငန်းအစီအစဉ်များနှင့် ညွှန်ကြားချက်များကို ကဏ္ဍအလိုက်၊ ဒေသအလိုက် အသေးစိတ်ရေးဆွဲ ဆောင်ရွက်နိုင်သည်။

၆။  သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်းများအား လေ့လာဆန်းစစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအား ဆက်လက် အကောင်အထည်ဖော်ရမည်။ သို့ရာတွင် တင်ပြလာသော စီမံကိန်းများသည် အကျိုးစီးပွား ဖြစ်ထွန်းမှုမရှိသော စီမံကိန်းများဖြစ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့က စိစစ်တွေ့ရှိပါက အဆိုပါစီမံကိန်းအား ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းများ ဆောင်ရွက်ရမည်။

၇။  အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေး မူဝါဒများနှင့်အညီ ချိတ်ဆက်ပေါင်းစပ် ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ ဆောင်ရွက်ရမည်။

၈။  သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် လက်ငင်း၊ ရေတိုနှင့် ရေရှည်အကျိုးဖြစ်ထွန်းစေပြီး ထာဝရရှင်သန်စေမည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဖြစ်သော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကိုလည်း အလေးထား ဆောင်ရွက်ရမည်။

၉။  သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများ တင်ပြဆောင်ရွက်ရာတွင် သတ်မှတ်ထားသော အင်္ဂါရပ်များ၊ ဆန်းစစ်ချက်များ ပြည့်စုံမှသာလျှင် ဆောင်ရွက်ရမည်။

၁၀။  အမျိုးသားစီမံကိန်းတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်သော စီမံကိန်းများ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို အထောက်အကူပြုသော စီမံကိန်းများနှင့် နိုင်ငံတော်ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ရွက်မည့် မဟာဗျူဟာမြောက် စီမံကိန်းများ ပါဝင်ရမည်။၁၁။  သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် အမျိုးသားစီမံကိန်းတွင် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများအနက် ပုဂ္ဂလိက လုပ်ပိုင်ခွင့်အဖြစ် လွှဲပြောင်းပေးသင့်သော စီးပွားရေး လုပ်ငန်းများကို နှစ်အလိုက် လွှဲပြောင်းပေးမည့် စီမံကိန်းများအဖြစ် ထည့်သွင်းရေးဆွဲရမည်။

၁၂။  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများသည် ဖြစ်မြောက်နိုင်စွမ်း ရှိ၊မရှိ၊ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ မရှိ၊ ပြည်သူများအတွက် အကျိုးရှိ မရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြု မပြု၊ ပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိ ၊ မရှိ စသည်တို့ကို ဘက်စုံလေ့လာ ဆန်းစစ်ပြီး ဖြစ်ရမည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူ ခွင့်ပြုချက်ရရှိပြီးသော လုပ်ငန်းစီမံကိန်းများလည်း ဖြစ်ရမည်။ နိုင်ငံတော်၏ အကျိုးစီးပွားအတွက် အရေးကြီးလိုအပ်ချက်အရ ဆောင်ရွက်ရသည့်  အထူးစီမံကိန်းများနှင့်  စီမံကိန်းဘဏ်အတွင်း ထည့်သွင်းစိစစ် အတည်ပြုထားသည့် ဗျူဟာမြောက် စီမံကိန်းများကို နှစ်စဉ်အမျိုးသား စီမံကိန်းတွင် ထည့်သွင်းဖော်ပြရမည်။

၁၃။  သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် မိမိတို့ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများအတွက် လျာထားခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ စိစစ်သုံးသပ်ခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍   သတ်မှတ်ချက်များနှင့်အညီ မြို့နယ်အဆင့်မှ စတင်ပြီး  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အပါအဝင် တာဝန်ရှိပုဂ္ဂိုလ်၊   အဖွဲ့အစည်းများနှင့် အပြည့်အဝပူးပေါင်း ဆောင်ရွက်ရမည်။ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်သည့် ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရမည်။

၁၄။ သက်ဆိုင်ရာ ဌာနနှင့် အဖွဲ့အစည်းများသည် ဤဥပဒေအရ ထုတ်ပြန်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်တွင် ပါရှိသည့် နိုင်ငံပိုင်အခန်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားချက်တွင် ပါရှိသော ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

______________________________________________

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

 (ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ