ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၈၉)

မောင်မောင်တုတ်နှင့် မောင်ဖေငယ်တို့သည် မိမိနှင့်သီပေါမင်းတရားတို့ မေတ္တာကြိုးယှက်သွယ်စဉ် အခါက အကျိုးတော်ဆောင်ခဲ့သော အိမ်တော်ပါ ကျေးကျွန်ရင်းချာများ ဖြစ်သောကြောင့် အထွတ်အမြတ်သို့ ရောက်သောအခါ သူမတူအောင် ထူးထူးခြားခြား မြှောက်စားသူကောင်းပြုထားပါလျက်  ယခုအခါ  မိမိအပေါ်ကိုကျော်လွန်၍ သီပေါမင်းတရားဘက်သို့ တစ်ပါးကျွန်သက်သက်အဖြစ် စေတနာထားလျက် မိဖုရားအငယ်ဆက်သရန် လုံ့လပြုနေခြင်းဖြစ်ကြောင်း အထောက်အထား များစွာနှင့်တကွ တိတိကျကျ သိရှိတော်မူခဲ့လေပြီ။

သို့သော် မိဖုရားကြီးစုဖုရားလတ်သည် ရုတ်တရက်အမျက်တော်ကို   ထုတ်ဖော်ဖွင့်လှစ်ခြင်းမပြုသေးဘဲ (ကိုယ်တင်သောစစ်ကဲ ကိုယ်ဆွဲမချနိုင်)ဆိုသော စကားပုံကဲ့သို့ အလွန်အကျွံမြှောက်စား သူကောင်းပြုထားခြင်းကြောင့် လျှမ်းလျှမ်းတောက်ကောင်းစားနေသူ ရနောင်မင်းသား မောင်မောင်တုတ်အား အပြစ်ရှိသမျှထုတ်ဖော်၍ မင်းပြစ်မင်းဒဏ်ပေးရန် အထောက်အထားများစွာ လိုလားကြောင်း သိရှိတော်မူသည်။

မိဖုရားအငယ်ရှာပေးမှု ကလေးတစ်ခုကြောင့် မင်းပြစ်မင်းဒဏ်ခံစေ၍ မဖြစ်စကောင်းပေ။ မောင်မောင်တုတ်သည်လည်း မင်းပြစ်မင်းဒဏ်နှင့် ရာဇဝတ်ကျခံလောက်သော ပြစ်မှုမျိုးကို ယခုအချိန်အထိ မတွေ့သိရသေး။

အကယ်၍သာ မောင်မောင်တုတ်ကို မိမိရရ အပြစ်ပြ၍ ဖမ်းဆီးနိုင်ပါက မောင်ဖေငယ်နှင့်တကွ သူတို့၏ လက်စွဲတော်ကြီး အသိုင်းအဝိုင်းမှာ တစ်နွယ်ငင်သော် တစ်စင်လုံးပါနိုင်သည်။

ယင်းသို့ကြောင့် မိဖုရားခေါင်ကြီး စုဖုရားလတ်သည် ရုတ်ခြည်းတစ်စုံတစ်ရာ သိတော်မူကြောင်းကို  အရိပ်အခြည်မျှ မပေါ်စေသေးဘဲ မသိကျိုးကျွန်ပြုတော်မူပြီးလျှင် ကျေးကျွန်ရင်းချာများနှင့် တီးတိုးတိုင်ပင်လျက် အချက်အလက်များကို ရှာဖွေနေသေးသည်။ သမီးတော်ထိပ်စုဖုရားကြီးသည် သုံးလကျော်အရွယ်သို့တိုင် ရောက်လာသည်တွင် သီပေါရွှေနန်းရှင်အား မိဖုရားကြီးစုဖုရားလတ်က မုဒ္ဓါဘိသိက်တော်ခံရန် အကြံဉာဏ်ပေးတော်မူသည်။

မုဒ္ဓါဘိသိက်ဆိုသည်မှာ တော်ရုံဘုရင်များ ခံယူဝံ့ခြင်း မရှိကြသော်လည်း သီပေါမင်းတရားသည် မိဖုရားကြီး၏ အလိုတော်အတိုင်း သဘောတူညီရလေသည်။ သို့ဖြစ်၍ မှူးတော်မတ်တော်ကြီးများသည် မုဒ္ဓါဘိသိက်တော်ခံရန် အခမ်းအနားများကို စတင်စီမံဆောင်ရွက်နေကြရလေသည်။

မိဖုရားခေါင်ကြီး၏ ဘက်တော်သား အလိုတော်ရှိ မှူးမတ်များက   စိတ်အားထက်သန်ကြသော်လည်း ရှေ့နောက်ဆင်ခြင်တတ်သူ မှူးကြီးမတ်ကြီးတို့မှာ အရွယ်ငယ်လှသေးသော သီပေါမင်းတရားက မုဒ္ဓါဘိသိက်ခံတော်မူမည် ဆိုသည်ကို အထူးအံ့သြကြသည်။ မိဖုရားခေါင်ကြီး၏ အလိုတော်ဟု သိရသောအခါမှ အလိုက်သင့်စွာပင် စီမံခန့်ခွဲခြင်း ပြုကြရလေသည်။

ရွှေဘုံနိဒါန်းထုံးတမ်းစဉ်လာ ရှိသည့်အတိုင်း ရွှေနန်းတော်ဦး မြေနန်းပြာသာဒ်တော်ကြီး၏ ရှေ့မျက်နှာတွင် ပွင့်ချပ်တစ်ရာအရေးရှိသော ဘဒ္ဒဝိဌအင်းပျဉ် ပလ္လင်တော်ထက်၌ မင်းသာမန်တို့ ခံယူဝံ့ခဲ့သော ရာဇဘိသေကမုဒ္ဓါဘိသိက်ကို သီပေါရွှေနန်းရှင်သည် နန်းမတော်ကြီး စုဖုရားလတ်နှင့်အတူ ဦးထိပ်၌စိုက်၍ သွန်းအပ်သော ခရုသင်းသုံးလုံးရည်ဖြင့် သွန်းခံတော်မူကြလေသည်။

ထိုနေ့ကား ၁၂၄၃ ခုနှစ်ရောက်ခဲ့သောနေ့ဖြစ် နန်းစံသုံးနှစ်ပြည့်ဖြစ်လေသည်။ ထိုသို့ မုဒ္ဓါဘိသိက် သွန်းခံတော်မူသော မင်္ဂလာအခါတော်နှင့်တစ်ပြိုင်တည်း နိုင်ငံတော်အရပ်ရပ် မြို့ပြခရိုင်များတွင် မြို့ဝန်၊ မြို့အုပ်၊ မြို့ရှင်၊ ရွာရှင်တို့ကို အဝေး၀န်များမှတစ်ဆင့် စရိတ်ငွေတော်များထုတ်ပေး၍   ကုသိုလ်ကောင်းမှုတော်များ ပြုလုပ်ကြရစေသည်။ မုဒ္ဓါဘိသိက်သွန်းခံပြီးနောက်တွင်လည်း နန်းမတော်ကြီး စုဖုရားလတ်၏ အလိုတော်အတိုင်း တိုင်းတာမင်းကြီးက ပညာရှိမှူးတော်မတ်တော်ကြီးများအား မြို့တော်သိမ်းအခမ်းအနားကို ကျင်းပတော်မူရန် လျှောက်တင်စာဆက်သွင်းလျက် ရှေးမင်းတို့လက်ထက်ကကဲ့သို့ ရတနာပုံရွှေမြို့တော်ကြီးကို မြို့တော်သိမ်းမင်္ဂလာ အခမ်းအနားသဘင် ဆင်ယင်ကျင်းပသင့်ကြောင်း လျှောက်ထားစေသောကြောင့် သီပေါရွှေနန်းရှင်ဘုရားသည် မြို့တော်သိမ်းအခမ်းအနားများကို လုပ်ဆောင်စေရန် အမိန့်တော်ချမှတ်သဖြင့် ဆိုင်ရာတို့က စီမံကြရပြန်လေသည်။

ထိုအခမ်းအနားတွင် မြို့တော်ရှေ့မျက်နှာ ဦးထိပ်တံခါး၏ယာဘက်တွင် စံနန်းတော်နှင့်မင်းညီမင်းသား၊ မှူးတော်မတ်တော်များစုဝေးရပ်နေရန် တဲကနားဖျင်းများ ဆောက်လုပ်ရသည်။ (ပေါင်ပေါ်သို့တက်ရန် ဝေါပေါ်သို့တက်ရန်) ပေါင်ရှည်၊ ဝေါရှည်ဆောက်လုပ်၍ ရထားဆင်မြင်းစသော စစ်အင်္ဂါလေးပါးများကို ရွှေမြို့တော်ကြီးပတ်လည် ကျုံးတွင်းကျုံးပြင်၊ လမ်းမတော်များက နမန္တာဘက် ဓာတ်ဘက် တပ်ခင်းကြီးခင်းကျင်းရန် ဘုရင်နှင့်မိဖုရားတို့ ရွှေစက်တော်တင်ရန်(စီးနင်းရန်) ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ကိုဆွဲရန် လှေကားတော်၊ ခတ်လှေတော်၊ လှော်လှေတော်၊ သင်္ဘော၊ သမ္ဗန်တော်များကိုလည်းကောင်း၊   မင်းညီမင်းသားနှင့် မှူးတော်မတ်တော်တို့စီးနင်းရန် လှေကားတော်များပါ ကျုံးတော်အတွင်း၌ ရေတပ်တော် ခင်းကျင်းထားရှိလေသည်။

ထိုမြို့တော်သိမ်းအခမ်းအနားကို သီပေါမင်းတရားကြီးနှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်တို့သည် မင်းသားမင်းသမီး၊ ဆွေတော်မျိုးတော်၊ မောင်းမမိဿံအပေါင်း ခြံရံလျက် ထွက်တော်မူခဲ့ရာ ရွှေနန်းတော်အတွင်းမှ မြို့တော်အရှေ့မျက်နှာ ဦးထိပ်တံခါးတော်၏ အပြင်ဘက် ကွန်းထောက် ယာယီစံနန်းတော်အရောက် ရှေ့ခြောက်တပ်၊  နောက်ခြောက်တပ် ခင်းကျင်းလိုက်ပါရသည်။

အလယ်တွင် ဘုရင်နှင့်မိဖုရားတို့က ရတနာအပေါင်းခြယ်လှယ်သော  ကြိုးလုံးတင်အဆင်းတန်ဆာဖြင့် ဆင်ယင်ထားသော မင်းစီးအင်္ဂါငါးပါးနှင့် ပြည့်စုံသော (ဂမုန်းကြောင်း)ဆင်တော်နှင့်  ထွက်တော်မူလာကြသည်။

ယင်း(ဂမုန်းကြောင်း)ဆင်တော်ကို ဦးစီးရသူမှာ လူယုံတော်လက်သုံးတော်ကြီး မြောက်ဒဝယ်ဗိုလ်၊ ရနောင်မြို့စား မင်းသားကြီး မောင်မောင်တုတ်ပင်ဖြစ်လေသည်။

ဆင်တော်နောက်ထိုင်အဖြစ်နှင့် ထီးဖြူတော်မိုးလျက် လိုက်ပါသူမှာ မောင်မောင်တုတ်၏ညီရင်း ပင်သားမြို့စား မောင်မောင်ဗြောင်းဖြစ်လေသည်။

ထိုအခါက နန်းမတော်စုဖုရားလတ်သည် ဣန္ဒြေမပျက်နေတော်မူရသော်လည်း မောင်မောင်တုတ်အပေါ်တွင်  မကျေမချမ်းမှုများကြောင့်  မျက်ထားတော် သုန်သုန်မှုန်မှုန်ပင်ရှိခဲ့လေသည်။ မောင်မောင်တုတ်အား မလှုပ်သာမလှည့်သာအောင် ချည်ပြီးနှောင်ပြီးဖြစ်မည့် အပြစ်များကို ဆင်ခြင်သုံးသပ်လျက် ရှိနေသည်ဖြစ်ရာ မောင်မောင်တုတ်ကမူကား စုဖုရားလတ်၏ အမျက်တော်သိုခြင်းကို အလျှင်းပင် မရိပ်မိရှာသေးပေ။

စုဖုရားလတ်သည် ရွှေနန်းရှင်နှင့်မိမိတို့က အထူးချီးမြှင့်မြှောက်စားထားပါလျက် တစ်ဖက်သတ်သစ္စာမဲ့ခဲ့သူ မောင်မောင်တုတ်သည် လူယုံတော်အဖြစ် ဓားလှံလက်နက်အပ်၍ နီးနီးကပ်ကပ် စေပါးနေခဲ့ပါလျှင် ကျေးဇူးရှင်ကိုပင် ရန်ရှာခြင်းပြုနိုင်လိမ့်မည်။ မောင်မောင်တုတ်အား အမြန်ဆုံးဖယ်ရှားပစ်ရန် သန္နိဋ္ဌာန်ချလိုက်ကာ ဆင်တော်ပေါ်မှာပင် ရွှေသေတ္တာစီမံကိန်းကို စတင်လိုက်လေသည်။

မြို့တော်သိမ်းအခမ်းအနား လှည့်တော်မူချိန်တွင် သောင်းသောင်းဖြဖြ   ဖူးမြော်ကန်တော့ကြသော ပြည်သူပြည်သား များကို ရင်ဝယ်သားကဲ့သို့ သနားချစ်ခင်တော်မူလှကြောင်း၊ ပြည်သူပြည်သား ကျွန်တော်မျိုး တို့သည် ဘုရင်ကို ချစ်ခင်ကြည်ညိုသော်လည်း ဘုရင့်အမှုထမ်း အရာထမ်းကြီးငယ်အချို့က အနိုင်အထက် နှိပ်စက်ခြယ်လှယ်ခြင်း ပြုပါလျှင် ခေါင်းငုံ့သာခံနေရှာ ကြရမည်ထင်ကြောင်း။

ထို့ကြောင့် ပြည်သူပြည်သား ကျွန်တော်မျိုးတို့က မကျေနပ်ဖွယ်အကြောင်းကိစ္စ တစ်စုံတစ်ရာရှိခဲ့သော် ဘုရင်နှင့်တကွ ရွှေလွှတ်တော်ကြီးက သိရှိသွားရန် အမည်မဖော်ဘဲ တိုင်ကြားစာတင်သွင်းနိုင်စေခြင်းမှာ မြို့သိမ်းပွဲတော်ရက်များ အတွင်းကစ၍ မြို့တော်လေးပြင်လေးရပ်တို့တွင် ရွှေသေတ္တာများကို သော့ခတ်ထားပြီး သီတင်းတစ်ပတ်လျှင်တစ်ကြိမ်    ရှေ့တော်သွင်း၍ မှူးတော်မတ်တော်အများရှေ့၌ သော့ဖွင့်၍ တိုင်ကြားစာများကို စစ်ဆေးဖတ်ရှုရန်၊ တိုင်ကြားစာများအရ အမှုမှန်မမှန်ကိုလည်း တိကျစွာစစ်ဆေးပြီးမှ အရေးယူ သင့်သလိုယူရန် စသောစီမံကိန်းများဖြစ်လေသည်။

သီပေါမင်းတရားသည် မိဖုရားကြီးအကြံပေးချက်အတိုင်း မောင်းခတ်ကြေညာ၍ ရွှေသေတ္တာများကို မြို့၏လေးပြင်လေးရပ်တို့တွင် အလျင်အမြန် ချထားပေးလိုက်လေသည်။ 

ဒဂုန်ခင်ခင်လေး