ပြည်သူက မွေးဖွားပြည်သူ့သွေးသား အနာဂတ် စစ်ခေါင်းဆောင်များနှင့် ၎င်းတို့ကို မွေးထုတ်ပေးခဲ့သူများ၏ ဂုဏ်ယူပြောကြား စကားသံများ

 

ပြည်သူက မွေးဖွားပြည်သူ့သွေးသား အနာဂတ် စစ်ခေါင်းဆောင်များနှင့် ၎င်းတို့ကို မွေးထုတ်ပေးခဲ့သူများ၏ ဂုဏ်ယူပြောကြား စကားသံများ

ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၅) သီဟတပ်ခွဲ သင်တန်းဆင်းပွဲကို  ဧပြီ ၆ ရက်နေ့နံနက်ပိုင်းတွင်  ရှမ်းပြည်နယ်(တောင်ပိုင်း) ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ ကျင်းပခဲ့ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူစိုးဝင်း တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းဆင်းပေးခဲ့သည်။ အဆိုပါသင်တန်းမှ  ပြည်သူကမွေးဖွား ပြည်သူ့သွေးသား အနာဂတ်စစ်ခေါင်းဆောင်များကို “ မီးနာမှသံကောင်းမည် သံကောင်းမှ ဓားထက်မည် ”ဆိုသည့် ဆောင်ပုဒ်အတိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့် မွေးထုတ်ပေးခဲ့သည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ တာဝန်ရှိသူများနှင့် ကျောင်းဆင်းအရာရှိများ၏ ရင်တွင်းပီတိ စကားသံများကို ဖော်ပြလိုက်ပါသည်။

ဗိုလ်မှူးချုပ်မျိုးဇော်ဝင်း၊

ကျောင်းအုပ်ကြီး၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး)

  တပ်မတော်(ကြည်း)   ဗိုလ်သင်တန်းကျောင်း(ဗထူး)မှာ ဗိုလ်လောင်းရွေးချယ်ခြင်းကို  အရပ်သားဘွဲ့ရနဲ့  စစ်မှုထမ်း ဗိုလ်လောင်းများဆိုပြီး နှစ်မျိုး သတ်မှတ်ပါတယ်။ သင်တန်းသား ရွေးချယ်ပုံ အဆင့်ဆင့် အနေနဲ့ကတော့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှာ သင်တန်း တက်ရောက်ဖို့ဆိုရင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေမှာ ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက် စာမေးပွဲဖြေဆိုရပါမယ်။ ဖြေဆိုအောင်မြင်ပြီးတဲ့အခါ    တပ်မတော်ဗိုလ်ရွေးအဖွဲ့မှာ ဝင်ရောက်ပြီးတော့ စာတွေ့၊ လက်တွေ့ဖြေဆိုရပါမယ်။ အဲလိုဖြေဆိုပြီးတဲ့အခါမှာ  အမည်စာရင်းတွေကို ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရာထူးခန့်ချုပ်ရုံးသို့ ပေးပို့ပြီး စစ်ရာထူးခန့်ချုပ်ရုံးမှ အတည်ပြုရွေးချယ်ပြီးတော့    ဗိုလ်လောင်းသင်တန်းသားအဖြစ် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ကို   ရောက်ရှိပါတယ်။   

ရောက်ရှိသတင်းပို့လာတဲ့ ဗိုလ်လောင်းတွေကို   စာရင်းသွင်း လက်ခံနေရာချထားပြီးမှ ဆေးစစ်မှု အောင်မြင်ရမှာဖြစ်ပါတယ်။ ဆေးစစ်မှုအောင်မြင်ပြီးတဲ့  ဗိုလ်လောင်းတွေကို    ဗိုလ်လောင်းသင်တန်းမှာ  တက်ရောက်စေမှာဖြစ်ပါတယ်။ အနာဂတ် စစ်ခေါင်းဆောင်ဖြစ်လာမယ့် ဗိုလ်လောင်းတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မားအောင်လေ့ကျင့်ပေးတဲ့ အခါမှာနိုင်ငံတော်ကို  ကာကွယ်လိုသောစိတ်၊ တပ်မတော်မှာ စစ်မှုထမ်းဆောင်ရတာကို ဂုဏ်ယူတတ်သောစိတ် ရရှိလာအောင် လေ့ကျင့်ပေးရပါတယ်။ အရာရှိငယ်များအဖြစ် မွေးထုတ်ပေးနိုင်ခဲ့တဲ့အတွက် နိုင်ငံတော်နဲ့ တပ်မတော်ရဲ့တာဝန်တွေကို  တစ်ထောင့်တစ်နေရာကနေ   ကျေပွန်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက်  အင်မတန်မှ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။

ဗိုလ်မှူးဇော်ဝင်းနိုင်၊

နည်းပြ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)

    ဗိုလ်လောင်း သင်တန်းသားတွေကို အကောင်းဆုံးဗိုလ်လောင်းဆု၊ သေနတ်ပစ် အကောင်းဆုံးဆု၊ စစ်ရေးပြ အကောင်းဆုံးဆု၊ ကြံ့ခိုင်ရေးအကောင်းဆုံးဆု စတဲ့ဆုတွေ ကိုချီးမြှင့်ပေးပါတယ်။ ဗိုလ်လောင်းတွေကို သင်ကြားပေးတဲ့ ဘာသာရပ်တွေကတော့ စစ်ရေးပြဘာသာရပ်၊    လက်နက်ငယ်/လက်နက်ကြီးဘာသာရပ်၊ ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်နည်းဗျူဟာ ဘာသာရပ်၊ အထူးစစ်နည်းဗျူဟာဘာသာရပ်၊   မြေပုံဖတ် ဘာသာရပ်၊   စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ ဆက်သွယ်ရေးဘာသာရပ်၊ စစ်မြေပြင်ရှေးဦး သူနာပြုစုနည်း ဘာသာရပ်၊စစ်ဘက်ဥပဒေ ဘာသာရပ်၊ အခြားလက်ရုံးတပ်ဖွဲ့များဆိုင်ရာ ဘာသာရပ်များ၊ Psychology ဘာသာရပ်၊ Philosophy ဘာသာရပ်နဲ့ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်တွေကိုသင်ကြားပေးပါတယ်။    ဗိုလ်လောင်းသင်တန်းသားများ အနေနဲ့တပ်မတော်မှာ အရာရှိငယ်များအဖြစ် တာဝန်ထမ်းဆောင် တဲ့အခါမှာ နိုင်ငံတော်နဲ့ တပ်မတော်တာဝန်တွေကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အထူးကြိုးစားအားထုတ်ပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြပါ။ အခုလိုအောင်အောင်မြင်မြင် သင်တန်းဆင်းလာနိုင်တဲ့ အတွက် ကြိုးစားအားထုတ်မှုတွေကို ဂုဏ်ယူလေးစားပါကြောင်း ပြောလိုပါတယ်။

ဗိုလ်လောင်းအောင်မင်းသူ

(အကောင်းဆုံးဗိုလ်လောင်းဆု)

ဒီသင်တန်းကို   စတက်တဲ့အချိန်မှာ ဒီဆုက ငါပဲရရမယ်လို့ ရည်မှန်းခဲ့ပေမယ့် တကယ်တမ်းထင်ထားတာထက် ပင်ပန်းလာတဲ့အခါမှာ  အားလျှော့ချင်စိတ်တွေဖြစ်ခဲ့မိတယ်။ ဒါပေမဲ့လည်း နည်းပြတွေပြောတဲ့ “ အပေါစားအားထုတ်မှုနဲ့တော့ ကြီးမားတဲ့ အောင်မြင်မှုမရနိုင်ဘူး}”ဆိုတဲ့ စကားကြောင့် ကျွန်တော်ပြန်ကြိုးစားဖို့ အားဖြစ်ခဲ့တယ်။ စာပေစိစစ်ရေး၊    စိတ်ဓာတ်စစ်ဆင်ရေးတွေမှာဆိုလည်း သူများထက် ဝီရိယထားပြီး ပိုကြိုးစားခဲ့ရတယ်။ စာပေပိုင်းမှာဆိုလည်း ဒီစာရမှအိပ်မယ်   မရရင်မအိပ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်တွေချပြီး   ကြိုးစားခဲ့တယ်။ လေ့ကျင့်မှုပိုင်းမှာဆိုလည်း ကိုယ့်ကိုယ်ကိုယ်ယှဉ်ပြိုင်ပြီးတော့ မနေ့ကထက် ဒီနေ့ပိုကောင်းရမယ်လို့ တွေးပြီး ကြိုးစားခဲ့တယ်။

စစ်နည်းဗျူဟာ၊ အထူးစစ်နည်းဗျူဟာ စတဲ့ သင်ခန်းစာတွေမှာလည်း နည်းပညာတွေရဲ့ သင်ပြမှုနဲ့ ကိုယ်ကိုယ်တိုင် ဦးစီးဦးဆောင် ဆောင်ရွက်ပြီးကြိုးစားခဲ့တယ်။ စိတ်ဓာတ်၊ စည်းကမ်းပိုင်းမှာဆိုလည်း တိုက်တွန်းချက်နဲ့ တားမြစ်ချက်တွေကို စနစ်တကျလိုက်ပါပြီး လုပ်ဆောင်ခဲ့တဲ့အတွက် ယခုလိုအကောင်းဆုံးဆုကို ရရှိခဲ့တာဖြစ်တဲ့အတွက် အတိုင်းမသိဝမ်းသာ ဂုဏ်ယူမိပါတယ်။

ဗိုလ်လောင်းရဲကျော်သူ

(သေနတ်ပစ်အကောင်းဆုံးဆု)

ခုလိုဆုရအောင် သင်တန်း ကာလတွေမှာ နည်းပြဆရာတွေရဲ့ သင်ကြားပြသမှုတွေပြီးတော့ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် မိမိလက်နက်ကို    ခင်မင်မြတ်နိုးရမယ်။ မိမိကိုယ်ကို အားကိုးယုံကြည်ရမယ်ဆိုတဲ့ ကျင့်ဝတ် (၆၀)ပါအတိုင်း မိမိလက်ဝယ်ကို သေနတ်တစ်လက် စရောက်လာပြီဆိုတာနဲ့ ထိန်းသိမ်းရမယ့် နည်းပညာတွေ၊ ကိုင်တွယ်ရမယ့် စနစ်တွေကို ဆရာတွေရဲ့ သင်ကြားပြသမှုတွေနဲ့အတူ လေ့ကျင့်သင်ယူခဲ့ပါတယ်။ သေနတ်ပစ်တဲ့နေရာမှာ အရေးကြီးဆုံးဖြစ်တဲ့ စိတ်တည်ငြိမ်မှုကို   ဆရာတွေက အဓိက ဦးစားပေး သင်ကြားပေးခဲ့ပါတယ်။ အဲ့ဒီစိတ်တည်ငြိမ်မှုနဲ့အတူ   မိမိပစ်ခတ်ရမယ့် ပစ်မှတ်ကိုထိအောင်  သေချာချိန်ရွယ်ပစ်ခတ်နိုင်ရမယ်။ သေနတ်ပစ်တဲ့ အခါမှာလည်း မောင်းခလုတ်ကို သေချာစွာ ဆွဲနိုင်အောင် ဆရာတွေရဲ့ လေ့ကျင့်သင်ကြားပြသမှုတွေကြောင့် ဒီဆုကိုရရှိခဲ့တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ဗိုလ်လောင်းနိုင်ရဲထွန်း

(စစ်ရေးပြအကောင်းဆုံးဆု)

    သင်တန်းမှာ နည်းပြတွေသင်ပြပေးတဲ့ သင်ခန်းစာတွေကို အကောင်းဆုံးကြိုးစား လုပ်ဆောင်ခဲ့လို့     အခုလိုစစ်ရေးပြ အကောင်းဆုံးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ကိုးလတာသင်ကြား လေ့ကျင့်ပေးခဲ့ပြီး သင်တန်းကာလမှာ   စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်၊ စည်းရုံးရေးစွမ်းရည် စတဲ့ စွမ်းရည်သုံးရပ် ထက်မြက်အောင် အပြည့်အဝ သင်ကြားပေးခဲ့ပါတယ်။ ဒါ့အပြင်  သင်တန်းကာလမှာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ အတွေးအခေါ် ရင့်ကျက်မှုတွေရှိစေရန် အပြည့်အဝ သင်ကြားလေ့ကျင့်ပေးတဲ့ နည်းပြဆရာတွေကို   ထာဝရဂါရဝပြုပြီး အထူးပင်ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

ဗိုလ်လောင်းဇေယျာလင်း

(ကြံ့ခိုင်ရေးထူးချွန်ဆု )

  ကျွန်တော်က သင်တန်းမှာ ကြံ့ခိုင်ရေး အကောင်းဆုံးထူးချွန်ဆုနဲ့   ချေမှုန်းရေး အကောင်းဆုံး တပ်စိတ်ဆုတွေကို ရရှိခဲ့ပါတယ်။ ချေမှုန်းရေး အကောင်းဆုံးတပ်စိတ်ဆုကိုတော့ ကျွန်တော့်တပ်စိတ်အဖွဲ့ဝင်(၁၀) ဦးနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရရှိခဲ့တာဖြစ်ပါတယ်။ သင်တန်းမှာ နည်းပြတွေရဲ့ စနစ်တကျ  သင်ကြားလေ့လာမှုနဲ့အတူ လိုက်ပါလုပ်ဆောင်ခဲ့ပါတယ်။  ဒါ့အပြင် လစဉ်ကြံ့ခိုင်ရေး ဆန်းစစ်ခြင်းမျိုး  လေ့ကျင့်ဆောင်ရွက်ရာမှာလည်း သတ်မှတ်စံချိန် စံညွှန်းနဲ့အညီ ဆောင်ရွက်ရပါတယ်။ နံနက်နဲ့ ညနေကြံ့ခိုင်ရေး ဆောင်ရွက်ခြင်းများကိုလည်း  နည်းစနစ်တကျ လိုက်ပါ ဆောင်ရွက်ပါတယ်။  ကျောင်းမှာလည်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများကို လေ့ကျင့်သင်ကြားပေးခဲ့ပြီးသား ဖြစ်လို့ ပေးအပ်တဲ့ တာဝန်တွေကို  ကျေပွန်စွာ ထမ်းဆောင်သွားပါမယ်။

ဒုတိယဗိုလ်ဇွဲသူရိန်

   ကျွန်တော်ရဲ့နေရပ်ကတော့   ရခိုင်ပြည်နယ်ဖြစ်ပြီးတော့ ကျွန်တော်ကတော့ ရခိုင်တိုင်းရင်းသားဖြစ်ပါတယ်။ ကျွန်တော်တပ်မတော်ထဲ ဝင်ဖြစ်တာကတော့ ကျွန်တော် တို့ နိုင်ငံရဲ့ အချုပ်အခြာအတွက် ဒို့တာဝန် အရေး (၃)ပါးကို ကူညီစောင့်ရှောက်တာတွေ၊  ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်တာတွေအပြင် နိုင်ငံတော်တွင်း  သဘာဝဘေးအန္တရာယ် ကျရောက်တဲ့အခါ ကူညီဆောင်ရွက်ပေးတာတွေစတဲ့ လုပ်ဆောင်ချက်တွေကို သဘောကျလို့ တပ်မတော်ထဲ ဝင်လာတာပါ။ တာဝန်ကျရာတပ်ရင်းမှာ  တပ်ကြပ်ကြီး/စာရေးအဖြစ်  တာဝန်ထမ်းဆောင်ခဲ့ပြီး ကျွန်တော့် အသက်အရွယ်၊ ပညာအရည်အချင်းအရ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ အတွက် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၅)ကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ ဒီသင်တန်းဆင်းပြီး   နောက်ပိုင်းအရာရှိကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားကာ တပ်မတော်နဲ့ပြည်သူအတွက် အကျိုးပြုတဲ့ တပ်မတော်သားတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပါ့မယ်လို့ ကတိပြုပါတယ်။

ဒုတိယဗိုလ်ခုပ်ရှန်းတွောင်

    ကျွန်တော်ကတော့ ချင်းတိုင်းရင်းသား  ဖြစ်ပါတယ်။ ကျွန်တော် သင်တန်းမတက်ခင် ကလေးမြို့မှာ  ၆ နှစ်၊ ပြင်ဦးလွင်မြို့မှာ ၃ နှစ်နဲ့ စက်မှုအင်ဂျင်နီယာ တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ခုလိုပြည်သူလူထုရဲ့   အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရတဲ့   မြင့်မြတ်တဲ့ အလုပ်ကို လုပ်မိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်လည်းယူမိပါတယ်။ ဒီသင်တန်းက သင်ကြားပေးတဲ့   အသိပညာ၊   အတတ်ပညာ၊စစ်ပညာတွေကို အသုံးချပြီး အထက်ကပေးတဲ့အမိန့်နဲ့   တာဝန်အတိုင်း ကျရာတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်သွားပါ့မယ်။     ။

လင်းကြည်လင်း