ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံ ဆွေးနွေး

ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံ ဆွေးနွေး

နေပြည်တော်   ဧပြီ   ၇

ကာကွယ်ရေးဝန်ကြီးဌာန

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီးမြထွန်းဦး သည်  မြန်မာနိုင်ငံဆိုင်ရာ  အိန္ဒိယနိုင်ငံ သံအမတ်ကြီးH.E.Mr. Vinay Kumar ကို ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို  ဆက်လက် တိုးမြှင့် ဆောင်ရွက်သွားမည့်  အခြေအနေများ၊ အခြားကဏ္ဍများတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို  ဆက်လက်တိုးမြှင့် ဆောင်ရွက် သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးနှင့်  တာဝန်ရှိသူများ တက်ရောက်ကြကြောင်း   သတင်းရရှိသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန

 ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr. Vinay Kumarb ဦးဆောင်သော အဖွဲ့ကို   ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်ရှိဖြစ်ပေါ် တိုးတက်မှုများ၊ အခက်အခဲများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊  အိန္ဒိယနိုင်ငံ အကူအညီဖြင့် ဆောင်ရွက်သော ယာကြီး- ကလေးဝ လမ်းအပိုင်းအား နှစ်လမ်းသွားလမ်း အဆင့်မြှင့်တင်ခြင်း၊  ပလက်ဝ-ဇိုရမ်ပူလမ်း အဆင့်မြှင့်တင်ခြင်း၊   ကလေးဝ- ကျီကုန်း-တမူးလမ်းပေါ်ရှိ တံတား ၆၉ စင်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များ၊ တမူးနယ်စပ်၌ အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ် (Integrated Check Post) တည်ဆောက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍   ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။   

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးဝင်းရှိန်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr. Vinay Kumar  ကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ အိန္ဒိယချေးငွေများဖြင့် ဆောင်ရွက်နေသည့် စီမံကိန်း လုပ်ငန်းများ၏ တိုးတက်မှု၊ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ရူပီး/ကျပ် ငွေကြေးများဖြင့် ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr. Vinay Kumar ကို ယနေ့ညနေ ၃ နာရီတွင် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် ဆရာအတတ်ပညာ ကဏ္ဍများရှိ ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်တင်ရေး ကိစ္စရပ်များ၊  သုတေသနပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆရာ၊ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ပညာ တော်သင်များ တိုးမြှင့်ခေါ်ယူနိုင်ရေး ကိစ္စ ရပ်များ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးဆိုင်ရာ သင်တန်းများ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ သင်တန်းများ၊ စီးပွားရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ သင်တန်းများ၊ အင်္ဂလိပ်စာသင်တန်းများနှင့် ပညာရေးနှင့် နည်းပညာစသည့် ကဏ္ဍအသီးသီးတွင် ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ   ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။