ဂျပန်က ပြည်ပမှ အနားယူ အပန်းဖြေသူများအတွက် နိုင်ငံကို ဖွင့်လှစ်ပေးဦးမည် မဟုတ်ဟု ဝန်ကြီးချုပ်ပြော

ဂျပန်နိုင်ငံအနေဖြင့် ပြည်ပမှလာရောက်မည့် အနားယူ အပန်းဖြေသူခရီးသွားများအတွက် နိုင်ငံကို ဖွင့်လှစ်ပေးဦးမည် မဟုတ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ဧပြီ ၈ ရက်တွင်ပြောသည်။

ကမ္ဘာတစ်ဝန်းရှိ  နိုင်ငံအများအပြား အနေဖြင့် နယ်စပ်ထိန်းချုပ်ရေးများကို စတင်ဖြေလျှော့မှုများ လုပ်ဆောင်နေစဉ် ဂျပန်နိုင်ငံအနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့ကြောင့် အစိုးရအနေဖြင့် ပြည်တွင်းရောဂါကူးစက်မှု အခြေအနေများနှင့် အခြားနိုင်ငံများက  လုပ်ဆောင်သည့် နယ်စပ်ထိန်းချုပ်ရေး  ဆောင်ရွက်ချက်များကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်းနှင့် ပြီးမှသာ မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချမှတ်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဂျပန်နိုင်ငံသည်   ၂၀၃၀ ပြည့်နှစ်အရောက်တွင် တစ်နှစ်လျှင်   ပြည်ပခရီးသွား သန်း ၆၀ အထိ ဆွဲဆောင်နိုင်ရန်ရည်မှန်းထားသော်လည်း နယ်စပ်ထိန်းချုပ်ရေးဆောင်ရွက်ချက်များကိုမူ ယခုအချိန်အထိ တင်းကျပ်ထားဆဲ ဖြစ်သည်။

ဂျပန်နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှု မြင့်တက်လာသည့်အတွက် နိုင်ငံအဝင်အထွက်လုပ်မှုကို သုံးလကြာတားမြစ်ထားပြီး အလုပ်လုပ်ရန်နှင့် ကျောင်းတက်ရန် လာရောက်သည့် ပြည်ပနိုင်ငံသား များမှလွဲ၍ ကျန်သူများကို ပြည်ဝင်ခွင့်မပေးကြောင်း သိရသည်။

ယခုအခါ ပြည်ပမှပြန်လာသည့် ဂျပန်နိုင်ငံသားများ အပါအဝင် နိုင်ငံအတွင်းသို့ နေ့စဉ်ရောက်ရှိလာသူ အရေအတွက်သည် မတ် ၁ ရက်တွင် အယောက် ၅၀၀၀ မှ မတ် ၁၄ ရက်တွင် ၇၀၀၀ အထိတိုးမြင့်ကာ ဧပြီ ၁၀ ရက်မှစ၍ နေ့စဉ်လူအယောက် ၁၀၀၀၀ အထိဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။                   

Ref: TST