မတ်လအတွင်း ကုန်ဈေးနှုန်းများ စံချိန်တင်ထပ်မံမြင့်တက်

ယူကရိန်းပဋိပက္ခဖြစ်ပွားနေစဉ် မတ်လအတွင်း ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများ စံချိန်တင်ထပ်မံ မြင့်တက်လာကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)က ဧပြီ ၈ ရက်တွင် ထုတ်ပြန်သည်။

 FAO သည် ကမ္ဘာပေါ်တွင်ကုန်သွယ်မှု အများဆုံးစားသောက်ကုန်များ၏ ဈေးနှုန်းများကို လေ့လာစစ်တမ်း ကောက်ယူခြင်း ဖြစ်ပြီး    ၎င်းတို့၏ ထုတ်ပြန်ချက်အရ စားသောက်ကုန်ဈေးနှုန်း အညွှန်းကိန်းမှာ ဖေဖော်ဝါရီလ တွင် ၁၄၁ ဒသမ ၄ သာ ရှိရာမှ မတ်လတွင် ၁၅၉ ဒသမ ၃ သို့ မြင့်တက်လာခြင်း ဖြစ်သည်ကို တွေ့ရသည်။

အထူးသဖြင့် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် ကမ္ဘာ့စားနပ်ရိက္ခာအမယ်များအနက် ဂျုံ၊ ပြောင်း၊ ဘာလီနှင့် နေကြာဆီတို့ကို    ပင်လယ်နက်ဒေသမှတစ်ဆင့် အများဆုံး တင်ပို့နေသူများဖြစ်သောကြောင့် လက်ရှိဖြစ်ပွား နေသော ပဋိပက္ခများက ထိုနိုင်ငံများမှ ပို့ကုန်တင်ပို့မှုကို ဟန့်တားနှောင့်ယှက်နေသည့်အတွက် စားသောက်ကုန်ဈေးနှုန်းများ စံချိန်တင်မြင့်တက်လာရခြင်း ဖြစ်သည်။

ထို့ကြောင့် စားသောက်ကုန်နှင့် တိရစ္ဆာန်အစာဈေးနှုန်းများသည်   ၂၀ ရာခိုင်နှုန်းအထိ ထပ်မံမြင့်တက် လာနိုင်သည်ဟု  FAO က ပြီးခဲ့သည့်သီတင်းပတ်တွင် သတိပေးထားခြင်း ဖြစ်သည်။

အလားတူ  FAO သည် ၂၀၂၂ ခုနှစ်အတွင်း   ကမ္ဘာ့ဂျုံထုတ်လုပ်မှုတန်ချိန်သန်းပေါင်း ၇၉၀ ရှိမည်ဟု မျှော်မှန်း တွက်ချက်ထားရာမှ ၇၈၄ သန်းသို့ လျှော့ချမျှော်မှန်းထားရသည်။

အဓိကအားဖြင့်   ယူကရိန်းနိုင်ငံ၏ဆောင်းသီးနှံ ၂၀ ရာခိုင်နှုန်းမှာ ရိတ်သိမ်းနိုင်ခြင်း  မရှိသည့်အတွက် ဖြစ်ကြောင်း FAO ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယူကရိန်းပဋိပက္ခကြောင့် ရေနံနှင့်ဓာတ်ငွေ့ဈေးနှုန်းများ မကြုံစဖူးထူးခြားစွာ မြင့်တက်လာပြီး ကမ္ဘာတစ်ဝန်းတွင် ငွေကြေးဖောင်းပွမှုများကို ဖြစ်ပေါ်စေကာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုလမ်းကြောင်းမှ သွေဖည် သွားမည်ကို စိုးရိမ်နေရကြောင်း  FAO က ထုတ်ပြန်ထားသည်ဟုသိရသည်။

Ref: TST