ရှေ့လုပ်ငန်းများနှင့်အညီဆောင်ရွက်လျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၂/၂၀၂၂)တွင် အမှာစကားပြောကြားရာ၌ မိမိတို့၏ နိုင်ငံတော်တည်ဆောက်ရေး ရည်မှန်းချက်မှာ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ကိုတည်ဆောက်သွားရန် ဖြစ်ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများကို နှိမ်နင်းနိုင်မှသာ လွတ်လပ်၍ တရားမျှတပြီး ခြိမ်းခြောက်အကျပ်ကိုင်မှု ကင်းရှင်းသော ရွေးကောက်ပွဲကို ကျင်းပပေးနိုင်မည် ဖြစ်သည့်အတွက် အကြမ်းဖက်အဖွဲ့များ ပပျောက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိသည်။ ထိုသို့ကြိုးပမ်းလျက်ရှိရာတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်လျက် ဆောင်ရွက်နေခြင်း ဖြစ်သည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ ဖြစ်စေရေးအတွက် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဟူသော ရည်မှန်းချက်အတိုင်း ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)တွင် တိုင်းရင်းသားလက်နက်ကိုင်များ အားလုံးပါဝင်နိုင်ရေးအတွက် တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှစပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်းအကြိမ် (၂၀)ပြုလုပ်ပေးထားပြီး ဖြစ်သည်။ ထို့ပြင် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုကို ထပ်မံရပ်စဲပေးထားသည်။ ထိုကာလများအတွင်း နိုင်ငံနှင့်ပြည်သူ များကောင်းကျိုးကို ရှေးရှုကာ တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက် မှုအောင်မြင်ရေးကို ကြိုးပမ်းသင့်ပါသည်။ တပ်မတော်အနေဖြင့်မူ ကြိုတင် ကန့်သတ်ချက်မထားသော ဆွေးနွေးပွဲများကို ဖိတ်ခေါ်ပြီး ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးလျက် ရှိသည်မှာ ပြည်သူလူထု၏ မျှော်လင့်ချက်ကို ဦးတည်လုပ်ဆောင်ပေးခြင်း ဖြစ်သည်။

ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားနေသော တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများ စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသော အယူအဆသဘောတရား ဖြစ်ပါသည်။

ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ပေရာ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် အားလုံးသော တိုင်းရင်းသား ပြည်သူအပေါင်းသည် ညီညွတ်စည်းလုံးမှုဖြင့်ပါဝင်ကြ ရမည်ဖြစ်ပေသည်။ ထိုသို့ ပါဝင်ဆောင်ရွက်ရန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးအဖြေ ရှာခြင်းသည် အခြေခံ အကျဆုံးသောလမ်းစ ဖြစ်ပေသည်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသား အပေါင်းတို့သည် ပွင့်လင်းမြင်သာမှု ရှိနေပြီဖြစ်သော ယနေ့အချိန်ကာလတွင် မိသားစုစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူကာ အချင်းချင်း ဆွေးနွေးညှိနှိုင်း အဖြေရှာကြရမည် ဖြစ်သည်။ မိမိတို့နေထိုင်သော ဒေသနေပြည်သူများ တိုးတက်ကြီးပွားရေးကို အစဉ်ရှေးရှုလျက် ထာဝရငြိမ်းချမ်းရေးကိုတည်ဆောက်ပေမည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးတို့ကို အခြေခံမူချမှတ်ထားရှိပါသည်။

ထို့ပြင်  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)  အခန်း(၄)  ဥပဒေပြုရေးပုဒ်မ  ၁၈၈။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ဇယား ၂ တွင်ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ဝန်းလုံး အတွက်သော် လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်စိတ်တစ်ဒေသအတွက် သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်}} ဟူ၍ပြဋ္ဌာန်းထားပါသည်။ နောက်ဆက်တွဲဇယား ၂ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းများကို အကျယ်တဝင့် ဖော်ပြထားပါသည်။  လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို လေ့လာကြည့်မည်ဆိုပါက ဖက်ဒရယ် စနစ်၏ လက္ခဏာများကို တွေ့မြင်နိုင်ပါသည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် ပြည့်ပြည့်ဝဝ ပါဝင်ရန် လိုအပ်လှပေသည်။ နိုင်ငံတော်အစိုးရ အနေဖြင့်မူ ရှေ့လုပ်ငန်းစဉ် များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲ့အစည်းများ ချုပ်ငြိမ်း ပပျောက်ရေးအတွက် ပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသား လိုက်ရပေသည်။   ။