သံနှင့် သံမဏိ တိုးတက်ထုတ်လုပ်နိုင်ရေး

သံနှင့် သံမဏိ တိုးတက်ထုတ်လုပ်နိုင်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဧပြီ  ၁၀  ရက်)

စက်မှုဝန်ကြီးဌာနတွင် စက်ရုံအလုပ်ရုံပေါင်း ၁၀၇ ရုံရှိသည်။ အဆိုပါစက်ရုံ အလုပ်ရုံများတွင် ၅၅ ရုံသည် ပုဂ္ဂလိကသို့ ငှားရမ်းထားရှိပြီး ၅၂ ရုံသည် နိုင်ငံပိုင်အနေဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော ထုတ်ကုန်များကို အုပ်စုခွဲပါက သံနှင့်သံမဏိ ထုတ်လုပ်မှုဆိုင်ရာအုပ်စု၊ ဘိလပ်မြေနှင့် ကြွေထည်မြေထည် ထုတ်လုပ်မှုဆိုင်ရာအုပ်စု၊ ချည်မျှင်နှင့်အထည် ထုတ်လုပ်မှုဆိုင်ရာ အုပ်စုနှင့် ဆေးဝါးနှင့် လူသုံးကုန်ထုတ်လုပ်မှုဆိုင်ရာ အုပ်စုဟူ၍ အဓိကအုပ်စုလေးခုရှိကြောင်း သိရှိရသည်။

သံနှင့်သံမဏိထုတ်လုပ်မှုဆိုင်ရာ အုပ်စုတွင် အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)နှင့် အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)တို့မှာ ၂၀၀၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး စီမံကိန်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် အကောင်အထည်ဖော်ခဲ့သည်။ အဆိုပါစီမံကိန်း လုပ်ငန်းနှစ်ခုအား ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်မှ စီမံကိန်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခြင်း မပြုရန်ညွှန်ကြားခဲ့သဖြင့် စီမံကိန်းလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။ နိုင်ငံ့စီးပွားရေးနှင့် စက်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေ့သို့လှမ်းမည့် ခြေလှမ်းများကို တားမြစ်လိုက်သကဲ့သို့ဖြစ်သွားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့က သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်။ သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးများ၏ လုပ်ငန်းဆိုင်ရာတင်ပြချက်အပေါ် နိုင်ငံတော်အကြီးအကဲက “ သံမဏိထုတ်လုပ်မှုလုပ်ငန်းသည် မိမိတို့နိုင်ငံအတွက် အရေးကြီး လိုအပ်ချက်ပင်ဖြစ်ကြောင်း၊ စက်ရုံစီမံကိန်းများအား စနစ်တကျဖြင့် အပိုင်းလိုက် တည်ဆောက်၍ မှန်မှန်ကန်ကန်ဖြင့် မြန်မြန်ဆန်ဆန်ပြီးစီးစေရေး စနစ်တကျကြပ်မတ် ဆောင်ရွက်သွားရန် လိုကြောင်း၊ နိုင်ငံတော်တွင် အိမ်ဆောက်လုပ်ရေး သံမဏိပစ္စည်းများမှာ များစွာလိုအပ်သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့်သာ မဟုတ်ဘဲ ပုဂ္ဂလိက လုပ်ငန်းရှင်များမှ ဆောင်ရွက်လိုပါကလည်း စည်းကမ်းများနှင့်အညီ ခွင့်ပြု၍ ပြည်တွင်း သံမဏိ ထုတ်လုပ်မှုလုပ်ငန်းကို အားပေးမြှင့်တင်ပေးရန် လိုကြောင်း” လမ်းညွှန်မှာကြားခဲ့သည်။

နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတွင် သံနှင့်သံမဏိသည် အဓိကအခန်းကဏ္ဍတွင် ပါရှိနေသည့်အတွက် သံနှင့်သံမဏိလုပ်ငန်းများ ပိုမိုတွင်ကျယ်အောင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ တွေ့ကြုံလာနိုင်သည့် အခက်အခဲများ၊ မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များအတွက်လည်း ကြိုတင်ပြင်ဆင်မြော်တွေး၍ စဉ်းစားစီမံဆောင်ရွက်ကြရပေမည်။ ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရေးဟူသော စီးပွားရေး ဦးတည်ချက်နှင့်အညီ မြန်မာနိုင်ငံတွင် ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်လုပ်ဆောင်လျက်ရှိပါသည်။ သွင်းကုန်လျှော့ချနိုင်ရေးနှင့် ပြည်တွင်း အလုပ်အကိုင်များ ဖန်တီးနိုင်ရေးမှာ ပြည်သူများ အနေဖြင့် ပြည်တွင်းဖြစ်ကို အားပေးကြရန် လိုအပ်လှသည်။ ပြည်တွင်း ကုန်ထုတ်လုပ်မှုကို တိုးတက်အောင် ဆောင်ရွက်ပြီး ပြည်တွင်းဖြစ်ကို အားပေးကြမည်ဆိုပါက နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်များလည်း အောင်မြင်မည်ဖြစ်သည်။

ယခင်က ရပ်ဆိုင်းထားသောသံနှင့် သံမဏိစက်ရုံများ လည်ပတ်နိုင်ရေးကို စက်မှုဝန်ကြီးဌာနက ကြိုးစားဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတစ်ဝန်းတွင် အဆောက်အအုံများ ဆောက်လုပ်လျက်ရှိရာတွင် သံချောင်းများ လိုအပ်မှုရှိနေမည်ဖြစ်သည်။ သံနှင့်သံမဏိစက်ရုံများမှ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဆိုလျှင် ပြည်ပမှမှာယူတင်သွင်းမှု လျော့နည်းမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ်အတွင်း သံနှင့်သံမဏိ ပြည်ပမှ တင်သွင်းမှုမှာ ဒေါ်လာ သန်း ၈၅၉ ဒသမ ၄၆ တန်ဖိုးရှိခဲ့ကြောင်းသိရှိရသည်။ မြန်မာနိုင်ငံတွင် သဘာဝအရင်းအမြစ်များ၊ လူသားအရင်းအမြစ်များ များစွာရှိသည်။ ထိုအရင်းအမြစ်များကို အသုံးပြုကာ ပြည်တွင်းစီးပွားရေးကို တိုးမြှင့်ကြရမည်ဖြစ်ပါသည်။ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားမပေးဘဲ ပြည်ပသွင်းကုန်များသာ အားထားလုပ်ဆောင်ခဲ့ကြသည့်အတွက် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မှု အားနည်းနေခြင်းဖြစ်သည်။

လွန်ခဲ့သောနှစ်များကပင် သံမဏိစက်ရုံများ ဆက်လက်လည်ပတ်ခဲ့ကြလျှင် ပေါများလှသော သံကျောက်ရိုင်းများမှ အကောင်းစားသံမဏိများ ကိုယ်ပိုင်ထုတ်လုပ်ပြီး ပြည်ပသို့ပင် တင်ပို့ရောင်းချနိုင်ပေမည်။ ပြည်ပမှ ဝင်ငွေအများကြီး ရလာမည့်အနေအထားဖြစ်သည်။ မြန်မာနိုင်ငံတွင် သံမဏိထုတ်လုပ်ရန် အတွက် အခြေခံသံရိုင်း၊ ကျောက်မီးသွေးနှင့် ထုံးကျောက်များရှိပြီးဖြစ်သည်။ မြန်မာနိုင်ငံအတွက် သံနှင့်သံမဏိ လုပ်ငန်းများ ပြန်လည်နိုးကြား တစ်ခေတ်ဆန်း လာစေရေးနှင့် မြန်မာ့စက်မှုလုပ်ငန်း ယခုထက်ပိုမိုတိုးတက် လာစေရေး အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)နှင့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)တို့မှာ အဓိကအင်အားစုအဖြစ် အားဖြည့်နိုင်တော့မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် သံမဏိထုတ်လုပ်မှု လုပ်ငန်းများ ပိုမိုတိုးတက်လေ နိုင်ငံတော် စီးပွားရေး မြင့်မားလေဖြစ်သည့်အတွက် သံမဏိထုတ်လုပ်မှု လုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်ပါစေကြောင်း ရေးသား လိုက်ရပေသည်။  ။