ယွမ်ငွေဖြင့် ဝယ်သည့် ရုရှားနိုင်ငံမှ စွမ်းအင်များ တရုတ်နိုင်ငံသို့ မကြာမီရောက်ရှိမည်

ယွမ်ငွေဖြင့် ဝယ်သည့် ရုရှားနိုင်ငံမှ စွမ်းအင်များ တရုတ်နိုင်ငံသို့ မကြာမီရောက်ရှိမည်

တရုတ်နိုင်ငံသုံး ငွေကြေးဖြစ်တဲ့ ယွမ်ငွေနဲ့ ဝယ်ယူထားတဲ့ ရုရှားနိုင်ငံမှ ကျောက်မီးသွေးနဲ့ရေနံတို့ဟာ အခုဆိုရင် တရုတ်နိုင်ငံကို ထွက်လာပြီဖြစ်တဲ့အတွက် မကြာမီ တရုတ်နိုင်ငံကို ရောက်ရှိတော့မယ်လို့ BloomBerg သတင်းဌာနက  ဖော်ပြထားတာတွေ့ရပါတယ်။

တရုတ်သွင်းကုန်ကုမ္ပဏီ အများအပြားက တရုတ်ငွေကြေးကို အသုံးပြုပြီး   မတ်လအတွင်းမှာ ရုရှားရဲ့ကျောက်မီးသွေးကို စတင်ဝယ်ယူခဲ့တာဖြစ်လို့   ပထမဆုံးကုန်တင်သင်္ဘောများက ဒီလအတွင်းမှာ ရောက်ရှိလာမှာဖြစ်ပါတယ်။

အခုလိုမျိုး တရုတ်နိုင်ငံသုံး ငွေကြေးအသုံးပြုပြီး ရုရှားနိုင်ငံကနေ  စွမ်းအင်တွေကို ဝယ်ယူခြင်းက   အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပတို့က ရုရှားနိုင်ငံကို မကြုံစဖူး အရေးယူပိတ်ဆို့မှုတွေ ချမှတ်ပြီးနောက် ပထမဆုံးအကြိမ် ဝယ်ယူမှုလည်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ရုရှားနိုင်ငံရှိ ဘဏ်တွေကို နိုင်ငံတကာ ငွေကြေးပေးချေမှု၊ ဘဏ္ဍာရေးစနစ် စတာတွေကနေ ဖယ်ရှားပြီးနောက် စွမ်းအင်ဝယ်ယူမှုမှာ အမေရိကန်ဒေါ်လာအသုံးပြုမှုကို ပထမဆုံး ရှောင်ရှားမှုဖြစ်တယ်လို့ ဆိုရပါမယ်။

ဒါ့အပြင် ရုရှားရေနံစိမ်း ကုမ္ပဏီတွေကလည်း သူတို့ရဲ့ရေနံစိမ်းတွေကို ယွမ်ငွေကြေးနဲ့ ဝယ်ယူနိုင်တယ်ဆိုပြီး တရုတ်ဝယ်လက်တွေဘက်ကို ကမ်းလှမ်း ထားတာမျိုးတွေ ရှိပါတယ်။

ဒါကြောင့် တရုတ်ယွမ်ငွေနဲ့ ဝယ်ယူထားတဲ့ ပထမဆုံးရုရှား ရေနံစိမ်းတွေဟာ မေလအတွင်းမှာ    ရေနံချက်စက်ရုံတွေဆီ ရောက်ရှိမယ်လို့   ဒီကိစ္စတွေနဲ့ ရင်းနှီးတဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ အခုဆိုရင် သံမဏိစက်ရုံများနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကိုလည်း ယွမ်ငွေကြေးနဲ့သာ ပေးချေမှုတွေလုပ်နေတာ တွေ့ရပါတယ်။

ဒီလိုပေးချေမှုတွေဆိုတာ တစ်ချိန်တုန်းက အမေရိကန်ဒေါ်လာကိုသာ   အသုံးပြု လုပ်ဆောင်ရတာဖြစ်တဲ့အတွက် အနောက်အုပ်စုက ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်စဉ်တုန်းကတော့ တရုတ်ဝယ်လက် အများအပြားဟာ ရုရှားဆီကနေ  ကုန်ပစ္စည်းတွေ ဝယ်ယူမှုကို  ယာယီရပ်တန့် ခဲ့တာ တွေ့ရပါတယ်။

Ref: RT