ရုရှားက ပြည်ပသုံးငွေကြေးများနဲ့ ပတ်သက်ပြီး စည်းကမ်းများ ဖြေလျှော့ပေး

ရုရှားက ပြည်ပသုံးငွေကြေးများနဲ့ ပတ်သက်ပြီး စည်းကမ်းများ ဖြေလျှော့ပေး

ရုရှားဗဟိုဘဏ်က ပြည်ပသုံးငွေကြေးများနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ စည်းကမ်းများကို ဖြေလျှော့ပေးလိုက်ကြောင်း သိရပါတယ်။

ယခင်က နိုင်ငံသားတစ်ဦးချင်းစီအနေနဲ့ ပြည်ပသုံးငွေကြေး ဝယ်ယူမှုကို ဗဟိုဘဏ်က ကန့်သတ်ထားတာပါ။ အခုတော့ အဲဒီကန့်သတ်ချက်ကို ဖြေလျှော့ပေးလိုက်တာဖြစ်တယ်လို့     ဗဟိုဘဏ်က သူတို့ရဲ့ဝက်ဆိုက်မှာ  ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဒါကြောင့် ဧပြီ ၁၈ ရက်ကစလို့ ရုရှားနိုင်ငံသားတွေဟာ ပြည်ပသုံးငွေကြေးများကို ဘဏ်တွေမှာ သွားရောက်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

ဒါ့အပြင်   သူတို့ရဲ့ ပြည်ပသုံးငွေကြေး စာရင်းများထဲမှာရှိတဲ့    ငွေကြေးတွေကို အမေရိကန်ဒေါ်လာ  ၁၀၀၀၀ အထိ ဒါမှမဟုတ် ယူရိုဆိုရင်လည်း ဒေါ်လာ ၁၀၀၀၀ နဲ့ညီမျှတဲ့ ပမာဏအထိ ထုတ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။

အဲဒီလိုသတ်မှတ် ပမာဏထက် ပိုများတဲ့ငွေကြေးကို ထုတ်ယူမယ်ဆိုရင်တော့ ရုရှားနိုင်ငံသုံးငွေကြေးဖြစ်တဲ့   ရူဘယ်နဲ့သာ ထုတ်ခွင့်ရမယ်လို့ ဆိုပါတယ်။

ဒီလိုကန့်သတ်ထားမှုကိုတော့ စက်တင်ဘာ ၉ ရက်အထိ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ နောက်ပြီးတော့ ဘဏ်တွေက ဒီနှစ်  ဧပြီ  ၉ ရက်ကစလို့ဝင်လာတဲ့ ပြည်ပသုံးငွေကြေးတွေကိုသာ ရောင်းချရမယ်လို့လည်း ဗဟိုဘဏ်က ထုတ်ပြန်ထားပါသေးတယ်။

အလားတူပဲ ဗဟိုဘဏ်က အရင်တုန်းကသတ်မှတ်ထားတဲ့ ပြဋ္ဌာန်းချက်တစ်ခုကိုလည်း ဖယ်ရှားလိုက်တာတွေ့ရပါတယ်။ အဲဒါကတော့ အမေရိကန်ဒေါ်လာ၊ ယူရိုတို့လိုမျိုး  ပြည်ပသုံးငွေကြေးတွေကို အကျိုးဆောင်တွေဆီကနေ တစ်ဆင့်ဝယ်ယူရင် အကျိုးဆောင်ခ ၁၂ ရာခိုင်နှုန်း ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ပါပဲ။

အနောက်အုပ်စုရဲ့ အရေးယူပိတ်ဆို့မှုများကြောင့် ရုရှားရဲ့ ရူဘယ်ငွေကြေးဟာ မကြုံစဖူးထူးကဲတဲ့ အနေအထားအထိကို တန်ဖိုးကျဆင်းသွားပါတယ်။

ဒီလိုငွေတန်ဖိုး    ကျဆင်းခြင်းကို ပြန်အဖက်ဆယ်ဖို့အတွက် ဗဟိုဘဏ်က လိုအပ်တဲ့     လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ခဲ့ရာမှာ အခုတော့ အမေရိကန် တစ်ဒေါ်လာကို ၇၂ ရူဘယ်အထိ ပြန်လည် မြင့်တက်လာပါပြီ။

ဒါကြောင့်  ရုရှားဗဟိုဘဏ်က သူတို့ချမှတ်ထားတဲ့   ကန့်သတ်ချက်တချို့ကို ပြန်လည်ရုပ်သိမ်းလာတာဖြစ်ပါတယ်။ ဒီလို ရုပ်သိမ်းမှုတွေထဲမှာ ဘဏ်အတိုးနှုန်းကို ၂၀ ရာခိုင်နှုန်းအထိ ဆွဲတင်ထားမှုကို၁၇ ရာခိုင်နှုန်းသို့  ပြန်လည်လျှော့ချမှုလည်း ပါဝင်ပါတယ်။                

Ref: RT