အစိုးရဓမ္မာစရိယ ပါဋ္ဌိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင် သံဃာတော် သီလရှင်များအား စာအောင်ဆု ဆက်ကပ် လှူဒါန်းပွဲ ကျင်းပ

အစိုးရဓမ္မာစရိယ ပါဋ္ဌိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင် သံဃာတော် သီလရှင်များအား စာအောင်ဆု ဆက်ကပ် လှူဒါန်းပွဲ ကျင်းပ

ပဲခူးမြို့    ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ၂၀၂၁ ခုနှစ် အစိုးရဓမ္မာစရိယ၊ ပါဋ္ဌိပထမပြန် နှင့် နိကာယ်စာမေးပွဲ စာအောင်သံဃာတော်၊ သီလရှင်များအား စာအောင်ဆု ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီ ၈ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား  ဖွင့်လှစ်ပေးသည်။ ၎င်းနောက် ပဲခူးမြို့ မြို့မစာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာ အရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်   အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး တက်ရောက်လာသည့်  ဆရာတော်အရှင်သူမြတ်များထံမှ   မေတ္တသုတ်ပရိတ် တရားတော် နာယူကြည်ညိုကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ ဖတ်ကြား လျှောက်ထားသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့်  တရားသူကြီးချုပ်တို့က စာအောင်သံဃာတော်အရှင်မြတ်များအား  လှူဖွယ်ဝတ္ထုနှင့် စာအောင်ဆုများ   ဆက်ကပ်လှူဒါန်းကြပြီး တက်ရောက်လာကြသည့် မြို့နယ် ၂၈ မြို့နယ်မှ မြို့နယ်သံဃနာယက ဆရာတော်များထံ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့်  တာဝန်ရှိသူများက  စာအောင်ဆု၊ နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် ပဲခူးမြို့ ကြခတ်ဝိုင်းစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တေဥယျ ဓမ္မာဘိဝံသ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချအမျှအတမ်း ပေးဝေကြသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲနှင့် နိကာယ် စာမေးပွဲတို့၌ ဓမ္မာစရိယအထူးအောင် နှစ်ပါး၊ ဓမ္မာစရိယဂုဏ်ထူးတန်း အောင်နှစ်ပါး၊ ဓမ္မာစရိယကျမ်းပြီး ၆၇ ပါး၊ ဓမ္မာစရိယ(ကျမ်းစွဲ) ၄၂၅ ပါး၊ နိကာယ်အထူးအောင်  တစ်ပါး၊  နိကာယ် (ကျမ်းပြီး) ၁၉၇ ပါး၊ နိကာယ်(ကျမ်းစွဲ) ၂၀၃ ပါး၊ ပထမကြီးတန်းအောင် ၉၅ ပါး၊ ပထမလတ်တန်းအောင် ၁၁၂ ပါး၊  ပထမငယ်တန်းအောင် ၁၃၅ ပါး၊ အခြေပြုမူလတန်းအောင်၆၁၂ ပါး စုစုပေါင်း ၁၈၅၁ ပါး အောင်မြင်ခဲ့ကြ သည့်အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စာအောင်ဆုအလှူငွေကျပ်   ၆၁၄၇၀၀၀၀ အား ဆက်ကပ် လှူဒါန်းခြင်းဖြစ်ကြောင်း  သိရသည်။