နိုင်ငံတကာခရီးသွား ဧည့်သည်ဝင်ရောက်မှု အခြေအနေပေါ် မူတည်၍ ယာယီပိတ်ထားသည့် ဟိုတယ်များ ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်
ရန်ကုန်တိုင်းဒေသကြီး၌ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ယာယီပိတ်ထားသည့် နိုင်ငံတကာအဆင့်မီ ဟိုတယ်များကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။
“ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လိုင်စင်ရဟိုတယ်နဲ့ တည်းခိုရိပ်သာ ၄၈၅ လုံး ရှိပါတယ်။လက်ရှိဖွင့်လှစ်ထားတာက ၂၀၀ ကျော်ရှိတယ်။ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ယာယီပိတ်ထားတဲ့ ဟိုတယ်တွေကို ပြန်လည်ဖွင့်လှစ်မှာပါ။ လက်ရှိမှာ ဖွင့်လှစ်ထားတဲ့ ဟိုတယ်နဲ့ ဧည့်သည်ဝင်ရောက်မှုက လုံလောက်မှုရှိပါတယ် ” ဟု ၎င်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ယာယီပိတ်ထားသည့် ဟိုတယ်များသည် ကိုဗစ်-၁၉ ရောဂါကာလတွင် ဧည့်သည်ဝင်ရောက်မှု မရှိသည့်အတွက် ရပ်နားထားခြင်း ဖြစ်ကာ နိုင်ငံတကာ လေကြောင်းလိုင်းဖွင့်ပြီး ဧည့်သည်ဝင်ရောက်မှု အခြေအနေပေါ်မူတည်၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။
ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ထားသည့် ဟိုတယ်များကို National Level အဆင့်လက်မှတ်နှင့် Regional Level အဆင့် လက်မှတ်ပေးထားရာ National Levelအဆင့် ဟိုတယ်အလုံးရေ ၈၀ နီးပါးရှိပြီး Regional Level အဆင့် ဟိုတယ်အလုံးပေါင်း ၂၀၀ နီးပါးရှိကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးရှိ နိုင်ငံတကာအဆင့်မီ ဟိုတယ်များတွင် ကျန်းမာရေးအရ ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှုပေးနိုင်သည့် ဟိုတယ်များကို လက်မှတ် ထုတ်ပေးထားခြင်းဖြစ်ကာ ဟိုတယ်များတွင် နိုင်ငံတကာ ခရီးသွားဧည့်သည်များကို အသွားအလာ ကန့်သတ်ပြီး Quarantine ထားရှိသည့် ဝန်ဆောင်မှုများ ပါဝင်ကာ ကိုဗစ်-၁၉ ရောဂါကာလကတည်းက Quarantine ဝန်ဆောင်မှု ပေးခဲ့သည့်ဟိုတယ်များ ဖြစ်ကြောင်း သိရသည်။