၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ ဝါဧက ၇၅၀၀၀ ကျော် စိုက်ပျိုးပြီးစီး

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်ခုနစ်ခုရှိ မြို့နယ်များ၌ ဝါဧက ၇၅၀၀၀ ကျော်  စိုက်ပျိုးပြီးစီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဝါအမျိုးအစားအလိုက် စိုက်ပျိုးမှုအနေဖြင့် ဝါကြီး ၈၆၈၇ ဧက၊ မလှိုင်ဝါ ၉၆၀၄ဧက၊ မိုးကြိုချည်မျှင်ရှည်ဝါ ၁၈၉ ဧက၊ မိုးချည်မျှင်ရှည်ဝါ ၂၁၉၄၂ ဧက၊ မိုးနှောင်းချည်မျှင်ရှည်ဝါ ၃၄၆၀၆ ဧက စိုက်ပျိုးနိုင်ခဲ့ရာ စုစုပေါင်းဝါဧက ၇၅၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

အရင်က စစ်ကိုင်းတိုင်းဒေသကြီးမှာ ဝါအစိုက်များခဲ့တယ်။ ဒါပေမဲ့ ဒေသမျိုးတွေကိုသာအသုံးပြုပြီး ထပ်တလဲလဲစိုက်ပျိုးတာကြောင့်  ဝါအရည်အသွေးကျဆင်းလာတယ်။ ပြည်ပကလည်း ဝါအစားထိုးဝင်ရောက် လာတဲ့အတွက် ပြည်တွင်းဝါဈေးနှုန်းတွေ ကျဆင်းလာတော့ စိုက်တဲ့သူနည်းသွားတယ်။ အခုနောက်ပိုင်း ဒေသရာသီဥတုနဲ့ကိုက်ညီမှုရှိတဲ့မျိုးတွေ  ပြောင်းလဲစိုက်ပျိုးခဲ့တဲ့အတွက်    အထွက်နှုန်းရော   အရည်အသွေးပါ ကောင်းမွန်လာတော့ ဈေးကောင်းရပြီး စိုက်ပျိုးသူတွေများလာတယ်ဟု  စစ်ကိုင်းတိုင်းဒေသကြီး  စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးမှူး  ဦးဝင်းလှိုင်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၌ ခရိုင်အလိုက်    ဝါစိုက်ပျိုးမှုအနေဖြင့် ကလေးခရိုင်အတွင်း ၁၅ ဧက၊ မုံရွာခရိုင်အတွင်း ၂၈၉၅၃ ဧက၊ ယင်းမာပင်ခရိုင်အတွင်း    ၆၀၂၂  ဧက၊ ရွှေဘိုခရိုင်အတွင်း ၂၂၈ ဧက၊ ကန့်ဘလူခရိုင်အတွင်း ၁၉၂ ဧက၊ စစ်ကိုင်းခရိုင်အတွင်း ၃၉၅၈၁  ဧကနှင့် ကောလင်းခရိုင်အတွင်း ၃၇ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။