ယူကရိန်းနိုင်ငံအား အဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေရေး ကြိုးပမ်းလုပ်ဆောင်လာသည့် ဥရောပသမဂ္ဂ

ယူကရိန်းနိုင်ငံအား    ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ    ဖြစ်လာစေရေးအတွက် အလျင်အမြန်လုပ်ဆောင်မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂကော်မရှင်ဥက္ကဋ္ဌ အူဆူလာဗွန်ဒါလီယန်က  ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက  ကတိက ဝတ်ပြုခဲ့ခြင်းကြောင့်  ယူကရိန်းအရေးသည် ပိုမိုတင်းမာလာနိုင်သည့် အလားအလာရှိနေသည်။

အူဆူလာဗွန်ဒါလီယန်သည် ယူကရိန်း နိုင်ငံသို့ အလည်အပတ်သွားရောက်ပြီးနောက် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကတိကဝတ်ပြုခဲ့ခြင်းဖြစ်သည်။  ဥရောပသမဂ္ဂ၏   အဆိုပါခြေလှမ်းသည် ယူကရိန်းအစိုးရက ထပ်တလဲလဲတောင်းဆိုနေသည့် တောင်းဆိုချက်ကို  ဖြည့်ဆည်းပေးနိုင်ရန် လမ်းဖွင့်ပေးခဲ့ခြင်း ဖြစ်သည်ဟု လည်း ဆိုနိုင်သည်။

အလားတူ ဥရောပသမဂ္ဂအဖွဲ့က လက်ရှိဖြစ်ပွားနေသည့်   ယူကရိန်းအရေးတွင် ဥရောပနိုင်ငံ အများစုအနေဖြင့် ယူကရိန်း အား ထောက်ခံနေကြောင်းကို တစ်နည်းတစ်ဖုံပြသခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ  ပူးတွဲသတင်းစာ ရှင်းလင်းပွဲ၌  ယူကရိန်းနိုင်ငံအား    ဥရောပနိုင်ငံများမိသားစုမှ ကြိုဆိုကြောင်း   ၎င်းက ဆက်လက် ပြောကြားခဲ့ပြီး ဥရောပသမဂ္ဂအဖွဲ့သို့ ဝင်ရောက်သည့်နိုင်ငံတိုင်း    ဖြေဆိုရသော မေးခွန်းများကို ယူကရိန်းသမ္မတထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်သည်။

ယူကရိန်းနိုင်ငံသည်     ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ကို စတင်လိုက်ပြီဖြစ်ကြောင်း၊   ယူကရိန်းနိုင်ငံအား အဖွဲ့ဝင်နိုင်ငံ     ဖြစ်လာစေရေးအတွက် ဥရောပသမဂ္ဂအဖွဲ့အနေဖြင့် လိုအပ်သည့်လုပ်ငန်းစဉ်များကို     အရှိန်အဟုန်မြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း အူဆူလာဗွန် ဒါလီယန်က ၎င်း၏တွစ်တာတွင် ရေးသားဖော်ပြထားသည်။ တစ်နည်းအားဖြင့်ဆိုရပါမူ ယူကရိန်းနိုင်ငံသည် ဥရောပသမဂ္ဂ အဖွဲ့နှင့်အတူ ရပ်တည်နေကြောင်း ကမ္ဘာ့နိုင်ငံများအား ထင်ရှားစွာပြသလိုက်ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

လက်ရှိတွင် ဥရောပသမဂ္ဂအဖွဲ့သည် ယူကရိန်းနိုင်ငံနှင့်     ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့အတွက် ပံ့ပိုးရန်   ယူရိုတစ်ဘီလီယံ(အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၉ ဘီလီယံ)လျာထားသည်။ ထို့ပြင် ယူကရိန်းနိုင်ငံ အတွက် နောက်ထပ်ယူရိုသန်း ၅၀၀ ပေးအပ်မည့်    အဆိုပြုချက်နှင့် စပ်လျဉ်း၍လည်း ဆွေးနွေးလျက်ရှိသည်။

ဥရောပသမဂ္ဂအဖွဲ့သည်  အမေရိကန် ဦးဆောင်သည့်    နေတိုးတပ်ဖွဲ့ကဲ့သို့ပင် ယူကရိန်းအရေးတွင် နက်ရှိုင်းစွာ ပါဝင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အမေရိကန်ဦးဆောင်သည့် နေတိုးတပ်ဖွဲ့သည် ယူကရိန်းအရေး စတင်ချိန်မှစ၍ ယူကရိန်း နိုင်ငံ၏  အရှေ့ဘက်စစ်မျက်နှာသို့  တင့်ကားများ၊  စစ်သင်္ဘောများအပြင်  တိုက်လေယာဉ်များကိုပါ ဖြန့်ကြက်ထားပြီးဖြစ်သည်။ အလားတူ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် ပြင်သစ်နှင့် ဗြိတိန်တို့သည် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့အတွက်  လက်နက်ခဲယမ်းများ  ပံ့ပိုးပေးလျက်ရှိသည်။

ထို့ပြင်  ယခုအခါ  ဥရောပသမဂ္ဂအဖွဲ့က ယူကရိန်းနိုင်ငံအား  အဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေရန်   အကူအညီ ပေးအပ်လာပြီ ဖြစ်သည်။ ယင်းအချက်သည် ရုရှားနိုင်ငံကို  စိုးရိမ်မကင်းဖြစ်စေသည့် အဓိကအကြောင်းရင်း ဖြစ်သောကြောင့် ဆက်လက်ဖြစ်ပေါ်လာမည့် အခြေအနေများကို ရုရှားအစိုးရက    အနီးကပ်စောင့်ကြည့်မည့် အလားအလာ ရှိနိုင်သည့်အပြင် ဥရောပသမဂ္ဂ၏   အဆိုပါအဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေရေး  ကြိုးပမ်းချက်သည်   လက်ရှိဖြစ်ပေါ်နေသော  စစ်ရေးတင်းမာမှုများကို လျော့ကျစေမည် မဟုတ်ကြောင်း   ရေးသားတင်ပြ လိုက်ရပါသည်။          

Ref: manilatimes