တရုတ်၏ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအပေါ် အမေရိကန်၏စိုးရိမ်မှု အခြေအမြစ်မရှိစွပ်စွဲချက်သာဖြစ်ဟုဆို

တရုတ်အစိုးရ၏ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန်၏ ထုတ်ပြန်မှုသည် အခြေအမြစ်မရှိသောစွပ်စွဲချက်သာဖြစ်ကြောင်းနှင့် ထိုစွပ်စွဲချက်ကိုရှုတ်ချကြောင်း    တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရှန်ဟိုင်းမြို့၌  ကိုဗစ်-၁၉  ရောဂါပိုးကူးစက်မှု မြင့်တက်လာခြင်းနှင့်  ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက် များကြောင့် ထိုမြို့ရှိ   အမေရိကန်ကောင်စစ်ဝန်ရုံးမှ အရေးမကြီးသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များသည်   မြို့မှထွက်ခွာနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၈ ရက်တွင်ထုတ်ပြန်သည်။

ထို့ပြင်  ၎င်းတို့အနေဖြင့်  တရုတ်၏ရောဂါထိန်းချုပ်ကာကွယ်ရေးမူဝါဒအပေါ် အမေရိကန်၏ အခြေအမြစ် မရှိသော စွပ်စွဲချက်များကို လုံးဝရှုတ်ချပြီး  အတိအလင်း ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကျောင်းလီကျန်းကပြောသည်။

အလားတူ   တရုတ်နိုင်ငံ၏ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းသည် သိပ္ပံနည်းကျဖြစ်သည့်အပြင်   ထိရောက်မှုရှိ ကြောင်းနှင့်  အစိုးရအနေဖြင့်  ပြည်ပသံတမန်များကိုတတ်နိုင်သမျှ ထောက်ပံ့မှုများ ပေးထားကြောင်း  တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးက ထုတ်ပြန်ထားသည်။

ရှန်ဟိုင်းမြို့၏ ရောဂါကူးစက်မှုနှုန်းသည် ကမ္ဘာ့စံနှုန်းများနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသော်လည်း    ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်များကြောင့် လူဦးရေ ၂၆ သန်းရှိသောထိုမြို့၌    စားနပ်ရိက္ခာနှင့် လူသုံးကုန် ပစ္စည်းများ အကျပ်အတည်း ဖြစ်နေကြောင်းနှင့်   အမေရိကန်အစိုးရက ဟောင်ကောင်၊ ကျီလင်းနှင့် ရှန်ဟိုင်းသို့ ခရီးသွားလာရေး သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။ 

Ref: CNA