ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်နှင့် ဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဧပြီ   ၁၀

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊    နယ်စပ်ရေးရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့်  တာဝန်ရှိသူများ လိုက်ပါလျက်  ဧပြီ ၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ  ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ    စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့ရောက်ရှိခဲ့ပြီး အစည်းအဝေး ခန်းမ၌ ကျောင်းအုပ်ကြီး၊    ဒုတိယ ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ သင်တန်းများ မကြာမီ ဖွင့်လှစ်နိုင်ရေးအတွက်  စာသင်ဆောင်များ၊  အိပ်ဆောင်များ၊ စားရိပ်သာများကို စနစ်တကျ ပြင်ဆင်ထားကြရန်၊    လိုအပ်သော အဆင့်မီသင်ထောက်ကူပစ္စည်းများကို   ပြင်ဆင်ဖြည့်ဆည်းဆောင်ရွက်ထားကြရန်၊  စာပေ ဘာသာရပ်များ    သင်ကြားရေးအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ယုံကြည်ချက်၊ ခံယူချက်များ မြင့်မားစေရေးအတွက် ပြုစုပျိုးထောင်ပေးရန်၊   ကျန်းမာကြံ့ခိုင်သန်စွမ်းရေး၊ တစ်ဦးချင်း အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးနှင့် ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ စွမ်းဆောင်ရည်မြင့်မား စေရေးအတွက် စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားကြရန် မှာကြားသည်။

ထို့နောက် ကျောင်းအုပ်ကြီးက  ဒီဂရီကောလိပ်ဆိုင်ရာ   အချက်အလက်များ၊ သင်တန်းများ   ပြန်လည် ဖွင့်လှစ်ချိန်တွင် အသင့်ဖြစ်စေ နိုင်ရေးအတွက်  သင်ကြားရေးနှင့် စီမံရေးဆိုင်ရာ  ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ညွှန်ကြားရေးမှူးများ၊  ဌာနမှူးများမှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ရှင်းလင်း တင်ပြမှုများအပေါ်လိုအပ်သည်များမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး စားသောက်ဖွယ်ရာလက်ဆောင်များ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကောလိပ်၏ အားကစားကွင်း   အဆင့်မြှင့်တင်ဆောင်ရွက်ရန် လျာထားမှု၊ စာသင်ခန်းမများ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိသည့်  အခြေအနေများကို   လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး  လိုအပ်သည်များ မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်   အဖွဲ့သည် နေ့လယ်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ဗဟိုလေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိ၍   ဧည့်ခန်းမတွင် ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ ကိစ္စရပ်များတင်ပြမှုအပေါ်   လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး စားသောက်ဖွယ်ရာ လက်ဆောင်များ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ရေးရာဝန်ကြီးဌာန  ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Japan Myanmar Association(JMA)တို့  ပူးပေါင်းဖွင့်လှစ်ထားသည့်   သက်ကြီးရွယ်အို စောင့်ရှောက်ရေး သင်တန်းတက်ရောက်နေကြသည့် သင်တန်းသူများ၏  လေ့ကျင့်သင်ကြားနေမှုနှင့်   ထပ်မံဖွင့်လှစ်မည့် သင်တန်းများအတွက်  ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊   ကျောင်းဝင်း အတွင်းရှိ စားရိပ်သာများ၊ အိပ်ဆောင်များ၊ ဝန်ထမ်းအိမ်ရာ   မြေလွတ်နေရာတွင် ဆောင်ရွက်လျက်ရှိသည့်   Green House များနှင့်  ငါးကန်များတွင် ငါးမွေးမြူထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန် (၃)၌ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ  စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)    ဗဟိုလေ့ကျင့်ရေးကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဝန်ထမ်းများ၊  မိသားစုဝင်များ သက်သာချောင်ချိရေးအတွက်  ကြက်၊ ဝက်၊ ငါးမွေးမြူရေးစခန်း အကောင်အထည်ဖော်   ဆောင်ရွက်မှုအခြေအနေများကို  ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း မှာကြားသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်ရှိ   အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး သင်တန်းကျောင်းအုပ်က   သင်တန်းကျောင်းဆိုင်ရာအချက်အလက်များ၊ သင်တန်းများဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်း တင်ပြမှုအပေါ် လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးကာ စားသောက် ဖွယ်ရာ လက်ဆောင်များ   ပေးအပ်ခဲ့ပြီး သင်တန်းကျောင်းအတွင်း    လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း   သတင်း ရရှိသည်။