ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဆုတောင်းပြည့်ကျေးရွာရှိ တောင်သူ ဦးမန်းငြိမ်းမောင်၏ လယ်ယာ
မြေဧက ၂၀ ၌ ဧပြီ ၉ ရက်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက်ခြင်းကွင်းသရုပ်ပြပွဲကို တာဝန်ရှိသူ များဦးဆောင်၍ ကျင်းပသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေး
ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများတက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက်ရောက်လာသော တောင်သူများအား သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ၁၅ ဧကအတွက် မျိုးစေ့ပြည် ၆၀ ပေးအပ်သည်။
လယ်ယာမြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက်ခြင်းဖြင့် မြေဆီလွှာရုပ်ဂုဏ်သတ္တိ တိုးတက်ကောင်းမွန်စေခြင်း၊ မြေဆီလွှာအတွင်းရှိ အကျိုးပြု အဏုဇီဝပိုးများ ရှင်သန်တိုးပွားစေခြင်း၊ မြေဆီလွှာတိုက်စားခြင်းမှကာကွယ်စေခြင်း၊ ပေါင်းပေါက်ရောက်မှု သက်သာစေခြင်း၊ ဓာတုမြေသြဇာသုံးစွဲမှု လျှော့ချနိုင်ရန်နှင့် စိုက်ပျိုးစရိတ်သက်သာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်