အဆင့်အတန်းမြင့်မား၍ ဂုဏ်ယူဖွယ်ကောင်းသောစက်ရုံ

ရှမ်းပြည်နယ်(တောင်ပိုင်း) နောင်တရားမြို့ရှိ လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်စက်ရုံ (နောင်တရား) ဖွင့်ပွဲအား ၂၀၂၂ ခုနှစ် ဧပြီ ၈ ရက်တွင် အဆိုပါ စက်ရုံနေရာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။   ထိုသို့စက်ရုံဖွင့်လှစ်ပေး နိုင်ခဲ့သည့်အတွက်   ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရေးတွင်များစွာ အထောက်အကူပြုနိုင်မည် ဖြစ်သည်။ ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာခြင်းနှင့်အတူ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၏ ကုန်ပစ္စည်းဈေးကွက်မှာလည်း မြင့်မားလာတော့မည်ဖြစ်သည်။

အဆိုပါ စက်ရုံဖွင့်လှစ်နိုင်ခြင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလခရီးစဉ်တွင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝအထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး နောင်တရားဒေသအတွင်း လက်ဖက်အခြောက်ခံ စက်ရုံဖွင့်လှစ်နိုင်ရေး လမ်းညွှန်မှုပြုခဲ့ရာမှ   ယခုကဲ့သို့ စက်ရုံဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

နောင်တရားပတ်ဝန်းကျင် ကျေးရွာအုပ်စု ၈ စုတွင် လက်ရှိလက်ဖက်စိုက်ဧကစုစုပေါင်း ၄၅၂၆ ဧကခန့်နှင့် တစ်ဧက ပျမ်းမျှ လက်ဖက်ရွက်စိမ်း ၆၀၀ ပိဿာခန့်ထွက်ရှိပြီး တစ်နှစ်လျှင် စုစုပေါင်းလက်ဖက်ရွက်စိမ်း  ၂ ဒသမ ၇ သန်းပိဿာခန့်ထွက်ရှိသည်ဟုသိရှိရသည်။ ပင်လောင်းမြို့နယ်အတွင်းတွင် လက်ဖက်စိုက်ဧက ၁၅၅၄၃ ဧကခန့်ရှိရာ တစ်နှစ်လျှင် လက်ဖက်ရွက်စိမ်း ၆၆၁၀၂၀၀ ပိဿာခန့်ထွက်ရှိသည့်အတွက် ဒေသတစ်ခုလုံးတွင် လက်ဖက်ရွက်စိမ်းထွက်ရှိမှုမှာ ၉၃၂၅၈၀၀ ပိဿာ၊ တန်ချိန်အားဖြင့် ၁၅၂၂၈ တန်ထွက်ရှိကြောင်း သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က စက်ရုံဖွင့်ပွဲအခမ်းအနားတွင် ယခုဖွင့်လှစ်လိုက်သည့် လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံ (နောင်တရား)သည် နောင်တရားမြို့ အပါအဝင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွက် အဆင့်အတန်းမြင့်မား၍ ဂုဏ်ယူဖွယ်ကောင်းသောစက်ရုံကြီးအဖြစ် တည်ရှိနေမည် ဖြစ်ကြောင်း၊ ဒေသအတွက် အများနှင့်သက်ဆိုင်သော ပထမဆုံးတစ်ခုတည်းသော စက်ရုံကြီးဖြစ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ဖြစ်ပေါ်လာမည့် အသီးအပွင့်် အခွင့်အလမ်းများကို လက်ဝယ်ပိုင်ပိုင်ရယူကြရန် ပြောကြားခဲ့သည်။

ထိုဒေသအတွင်း လက်ဖက်စိုက်ပျိုး ဖြစ်ထွန်းသကဲ့သို့ အခြားသောသီးနှံများစွာလည်းစိုက်ပျိုးဖြစ်ထွန်းသည်။ သရက်၊ နဂါးမောက်၊ လိမ္မော်၊ ထောပတ်၊ နာနတ်နှင့် ငှက်ပျောသီးများထွက်ရှိပြီး ပင်လောင်း၊ အောင်ပန်း၊ တောင်ကြီးမြို့များသို့ တင်ပို့ရောင်းချမှုရှိသော်လည်း အဓိကအားဖြင့် ပင်လောင်းမြို့ဈေးကွက် အတွင်းကိုသာ တင်ပို့နိုင်ကြောင်း တွေ့ရှိရသည်။ စိုက်ပျိုးသော သီးနှံများမှာ သူ့အချိန်နှင့် သူရောင်းချရသည့်အတွက် အချိန်လွန်သည့်အခါဈေးကောင်းမရရှိခြင်း၊ ပျက်စီးခြင်းတို့ကြောင့် စိုက်ပျိုးသူဒေသခံပြည်သူများအနေဖြင့် အခက်အခဲ များစွာ တွေ့ကြုံခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ယခုအခါ   လက်ဖက်အချိုခြောက်နှင့်သစ်သီးအခြောက်ခံစက်ရုံကြီးကို  ဖွင့်လှစ်နိုင်ပြီဖြစ်သည့်အတွက် တန်ဖိုးမြင့်လက်ဖက် အချိုခြောက်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ခြင်းဖြင့် နောင်တရားနှင့် ပင်လောင်းဒေသအနီး ပတ်ဝန်းကျင်မှထွက်ရှိသည့် လက်ဖက်ရွက်စိမ်းများကို ထွက်ရှိသလောက်ဆွတ်ခူးရောင်းချနိုင်မှာဖြစ်ပြီး ဒေသခံ လက်ဖက်စိုက်တောင်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာမည် ဖြစ်သည်။ ထို့အတူ ဒေသအတွင်း၌ စိုက်ပျိုးသည့်အသီးများကိုလည်း လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ သစ်သီးခြောက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ပြီး ဈေးကွက်အတွင်းတင်ပို့ရောင်းချနိုင်မည်ဖြစ်သည့်အတွက် ဝင်ငွေပိုမိုတိုးတက်ရရှိမည်ဖြစ်သည်။

လက်ဖက်အချိုခြောက်နှင့်သစ်သီးအခြောက်ခံစက်ရုံ(နောင်တရား)တွင် တပ်ဆင်ထားသည့်စနစ်မှာ CTC (Crush-Tear-Curl)  စနစ်ဖြစ်ပြီး လက်ဖက်အချိုခြောက်၏ အရည်အသွေးကို မြင့်မားစွာ ထုတ်လုပ် နိုင်သည့်အပြင် အလေအလွင့်နည်းပါးစွာ ထုတ်လုပ်နိုင်သည်။ အလေအလွင့်နည်းပါးစွာ ထုတ်လုပ် နိုင်သည့်အတွက် စီးပွားရေးအရ ပိုမိုတွက်ခြေကိုက်သည်။ တစ်ရက်လျှင် ၈ နာရီ၊ ကုန်ကြမ်း ၅ တန်ကြိတ်ဝါးပါက ကုန်ချော ၁ ဒသမ ၁ တန်ထွက်ရှိမည့် CTC  အချိုခြောက်စက်များတပ်ဆင်ထားကြောင်းသိရှိရသည်။ တစ်ရက်လျှင် ၈ နာရီတစ်ဆိုင်းဖြင့် ထုတ်လုပ်ပါက လက်ဖက်ကုန်ချော လက်ဖက်အချိုခြောက် ၁၁၃၆ ကီလိုဂရမ်ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် စက်လည်ရက် ၂၂၄ ရက်ဖြင့် လက်ဖက်ကုန်ချောလက်ဖက်အချိုခြောက် ၄၈၈၀၀၀ ကီလိုဂရမ်(၅၃၈ တန်)ခန့်ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ငြိမ်းချမ်းခြင်း၏အသီးအပွင့်များကို ပြည့်ပြည့်၀၀ခံစားနေရပြီ ဖြစ်သည်။ စက်ရုံကြီးဖွင့်လှစ်နိုင်ခြင်းကြောင့် ဒေသဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံသာယာဝပြောကာ စားရေရိက္ခာ ပေါများဖူလုံပြီး ပြည်တွင်းစီးပွားရေး တိုးတက်မြင့်မားလာမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် လက်ဖက် အချိုခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံ(နောင်တရား) ရေရှည်တည်တံ့ပြီး ဒေသခံပြည်သူများ စိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့် စီးပွားဖွံ့ဖြိုး တိုးတက်ကြပါစေကြောင်း ရေးသားလိုက်ရပေသည်။  ။