ရှမ်းပြည်နယ်ရှိ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းမှ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း ၂၆၇ သန်း  ထုတ်လုပ်ပေးနိုင်မည်

ရှမ်းပြည်နယ်ရှိ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းမှ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း ၂၆၇ သန်း  ထုတ်လုပ်ပေးနိုင်မည်

နေပြည်တော်   ဧပြီ   ၁၁

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအောင်သန်းဦးသည် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းလိတ်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက် ၁၄ မိုင်ခန့်အကွာ နမ့်တိန်ချောင်းပေါ်တွင်   ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ်(၅) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းကို စစ်ဆေးသည်။

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား   စီမံကိန်း ရှင်းလင်းဆောင်တွင် အမှတ်(၅)တည်ဆောက်ရေး ညွှန်ကြားရေးမှူး ဦးတိုးလွင်က   စီမံကိန်းဆိုင်ရာ အချက်အလက်များ၊   စီမံကိန်း၏ အဓိကလုပ်ငန်းကြီးများ ဖြစ်သည့် ရေလွှဲရေထုတ်ပြွန်၊ ပင်မတမံ၊ ပင်မရေပိုလွှဲ၊ ရေယူအဆောက်အအုံ၊ ရေသွယ်ဥမင်လိုဏ်၊    ရေထိန်းတံခါးပြွန်၊ ဖိအားမြင့်သံမဏိပိုက်လိုင်းနှင့် ဓာတ်အားပေး စက်ရုံလုပ်ငန်းများ  ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို လည်းကောင်း၊ တည်ဆောက်ပြီးဖြစ်သည့် ကျိုင်းတောင်းရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ လျှပ်စစ်ဓာတ်အား (၅၄)မဂ္ဂါဝပ် ထုတ်လုပ်နေမှုကိုလည်ကောင်း     ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန် ဦးသန်းနိုင်ဦးနှင့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်တို့က    ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက    လက်ရှိအချိန် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့်   ဓာတ်အားထုတ်လုပ်မှု လျော့နည်း၍    ပြည်သူလူထုမှ အချိန်ပိုင်းအလိုက် ဝန်အားထိန်းညှိ ဆောင်ရွက်ပေးနေရသည့် အခက်အခဲများ လက်တွေ့ခံစားနေရသဖြင့် မိမိတို့ဆောင်ရွက်ချက်များအပေါ် ပြည်သူလူထုက နားလည်သဘောပေါက်၍ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရေး စည်းရုံးပြောဆိုကြရန် လိုအပ်ကြောင်း၊   ထို့ပြင် ဓာတ်အားရောင်းချမှုမှ ရရှိသည့် ဓာတ်အားခ ဝင်ငွေများအပါအဝင်  နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေအပေါ် စီမံကိန်း လုပ်ငန်းများကို  သတ်မှတ်ချိန်ကာလ အတွင်းပြီးစီးအောင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပြည်သူများ လျှပ်စစ်ဓာတ်အားကို အမြန်ဆုံး ရရှိသုံးစွဲနိုင်စေရေးအတွက်  စီမံကိန်းကို ဆောလျင်စွာပြီးစီးရေး  အားသွန်ခွန်စိုက် ဆောင်ရွက်သွားရန်နှင့်  စီမံကိန်းပြီးစီးပါကလည်း ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိသွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်    ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စီမံကိန်း လုပ်ငန်းခွင်အတွင်း ပင်မတမံ တည်ဆောက်ပြီးစီးနေမှု၊  ပင်မရေပိုလွှဲလုပ်ငန်း တည်ဆောက်မှု၊ ရေယူအဆောက်အအုံ  ကျောက်သားနံရံ ခိုင်ခန့်မှုလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊   ရေထိန်းတံခါးပြွန် တည်ဆောက် ပြီးစီးနေမှု၊ ရေသွယ်ဥမင်လိုဏ်၊ ရေထိန်းတံခါးပြွန်နှင့်    ဖိအားမြင့်သံမဏိ ပိုက်လိုင်း Structure ကွန်ကရစ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်း၏ ပင်မရေလှောင်တမံမှာ  အလျား ပေ ၁၈၀၀ အမြင့်ပေ ၂၃၀ ရှိ ဇုန်အမျိုးအစား ကျောက်ဖြည့်တမံဖြစ်ပြီး ကန်ရေပြည့် ရေသို လှောင်ပမာဏမှာ ဧကပေ ၁၀၄၀၀၀ ရှိကာ စက်တပ်ဆင်အင်အား ၁၇ မဂ္ဂါဝပ်ရှိစက်သုံးလုံးဖြင့်    စုစုပေါင်း စက်တပ်ဆင်အင်အား  ၅၁ မဂ္ဂါဝပ်မှ    နှစ်စဉ်ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၂၆၇ သန်း  ထုတ်လုပ်ပေးနိုင်မည့်  ဒေသအကျိုးပြုစီမံကိန်း တစ်ခုဖြစ်ပြီး ယခုအခါ စီမံကိန်း တစ်ခုလုံး၏ ၇၁ ဒသမ ၆၃ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီ ဖြစ်သည်။

အဆိုပါအထက် ကျိုင်းတောင်းရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများနှင့်  လက်ရှိကျိုင်းတောင်း ရေအား  လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို  ၂၃၀ ကေဗွီ   မဟာဓာတ်အားလိုင်းဖြင့် နမ့်စန်ပင်မ ဓာတ်အားခွဲရုံသို့   ချိတ်ဆက် ပို့လွှတ်၍    နိုင်ငံတော်ဓာတ်အား စနစ်မှ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။