ပျော်ရွှင်ဆင်နွှဲ မဟာသင်္ကြန်ပွဲ

ပျော်ရွှင်ဆင်နွှဲ မဟာသင်္ကြန်ပွဲ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဧပြီ  ၁၂  ရက်)

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် တန်ခူးလဆန်း ၁၃ ရက်နေ့မှ တန်ခူးလဆုတ် ၁ ရက်နေ့အထိ (ခရစ်နှစ် ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ)သည် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာလဖြစ်သည်။ သင်္ကြန်ပွဲတော်သည် မြန်မာ့ရိုးရာပွဲတော်များတွင် နှစ်ဦးမှာ အစောဆုံး ကျင်းပသော ပွဲတော်ဖြစ်သည့်အပြင် ရေပက်ကစားရသော ပွဲတော်ဖြစ်သည့်အတွက် ထူးခြားလှသည်။ သင်္ကြန်ဆိုသည်မှာ ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ရရှိသည်။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသော အဓိပ္ပာယ်ဖြစ်သည်။

သင်္ကြန်ကို အတာသင်္ကြန်ဟုလည်း ခေါ်သည်။ အတာသည်လည်း  နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းဟူ၍ပင် အဓိပ္ပာယ်ရသည်။

သင်္ကြန်နှင့်ဆက်စပ်ပြီး ရွာသွန်းသောမိုးနှင့် ပတ်သက်၍ သင်္ကြန်မကျမီ ရွာသောမိုးကို သင်္ကြန်ကြိုမိုး၊ သင်္ကြန်ကျပြီးရွာသောမိုးကို သင်္ကြန်လက်ဆေးမိုးဟု ခေါ်ကြသည်။ အိမ်တိုင်းအိမ်တိုင်းတွင် သင်္ကြန်မကျမီ သင်္ကြန်ကိုကြိုဆိုသောအားဖြင့် အတာအိုးများဖြင့် ကြိုဆိုလေ့ရှိကြသည်။ အတာအိုးတွင် နေ့သင့်နံသင့် ပန်းများထည့်ကြရသည်။ သင်္ကြန်အတက်နေ့နှင့် မွေးနေ့တိုက်ဆိုင်လျှင် အတာစားသည်ဟု ခေါ်ပြီး အတာစားသူ

မွေးနေ့ရှင်အတွက် ဘေးအန္တရာယ်ကင်းစေရန် ဆုတောင်းကြရသည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ရေဖြင့်ဆေးကြောပစ်ပြီး နှစ်သစ်အဖြစ်စသော နှစ်ဆန်းတစ်ရက်နေ့မှာ အန္တရာယ်ကင်း ပရိတ်ရွတ်ခြင်း၊ သက်ကြီးရွယ်အိုများကို ပြုစုကန်တော့ခြင်း၊ ငါးလွှတ်ပွဲ၊ နွားလွှတ်ပွဲများ ကျင်းပခြင်း စသည့် ကောင်းမှုများ ပြုလုပ်လေ့ရှိကြသည်။

“ ကောင်းကင်မိုးလ၊ စိတ္တရနှင့်၊ မိဿရာသီ၊ အညီခါကျော်၊ နှစ်ဦးပေါ်က၊ ကံ့ကော်ရင်ခတ်၊ ပင်တိုင်း ညွှတ်လျက်၊ ပွင့်ဝတ်ဝေေ၀၊ တောင်လေဖြူးဖြူး၊ လတန်ခူးကို၊ မြူးထူးပျော်ရွှင်၊ တာသဘင်ဝယ်၊ ဆင်ယင် တုပ၊ လွရရွတည့်၊ ငြိမ့်မျှစောင်းငြင်း၊ အဲသီချင်းနှင့်၊ ထုံသင်းနံ့သာ၊ ရေသီတာဝယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်၍၊ ရွှေခွက်အပြည့်၊ မွှေးမျိုးထည့်မျှ၊ လည်လှည့်ဆူလှယ်၊ တင့်စံပယ်လျက်၊ မြူးရယ်ရွှင်အား၊ လွန်ပျော် ပါးသည်၊ စံကားထုံရည် ဖျန်းတည့်လေ၊ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝနန်းတည့်လေး” ဟူ၍ဦးအောင်ကြီး ၏အင်းဝမြို့ဘွဲ့ ၁၂ ရာသီလူးတား ကဗျာတွင် သင်္ကြန်ပွဲတော် ကျင်းပပုံကို တွေ့ရသည်။

မြန်မာမင်းများလက်ထက်တွင် သင်္ကြန်ပွဲတော်ကို အလေးအမြတ် ကျင်းပကြသည်။ ကြည်လင်သန့်ရှင်းသော ရေတွင် စမ္ပာကရမက် စသောအမွှေးနံ့သာများ ရောကာရွှေခွက်ဖြင့် ထည့်ပြီး တစ်ယောက်နှင့်တစ်ယောက် ယဉ်ကျေးသိမ်မွေ့စွာ ပက်ဖျန်းကစားကြပုံ ပြန်လည်မြင်ယောင်နိုင်သည်။ သီပေါမင်း လက်ထက် ထုတ်ပြန်သော သင်္ကြန်ပြောင်း အမိန့်တော်တွင် သင်္ကြန်ပြောင်းချိန်တွင် အမြောက်သံပေးရန် ညနေပိုင်းတွင် နန်းတော်၊ လွှတ်တော်၊ ရုံးများ၊ တံခါးများ၊ ထောင့်ပြကြီးများတွင် သံဃာတော်ရှစ်ပါးစီ ပရိတ်တော်ရွတ်ရန်၊ နံနက်တွင် ဆွမ်းလှူဒါန်းရန်၊ ပုဏ္ဏားရှစ်ပါးက ပရိတ်ရေပက်ဖျန်းရန်၊ သာသနာတော်စောင့် သမ္မာ ဒေဝနတ်ကောင်း နတ်မြတ်များကိုပူဇော်ရန် စသည့် အချက်များ ပါဝင်သည်။ သင်္ကြန်ကျချိန်ကိုသိရန် အဆန်မပါသော အမြောက်ပစ်၍ အသံပေးရသည်ကို အမြောက်သံပေးမြဲပေး ဟုဖော်ပြသည်။ ထိုအမြောက်ကို သင်္ကြန်အမြောက် ဟုခေါ်သည်။

သင်္ကြန်ပြောင်းအမိန့်တော်တွင် “ အခါသုံးရက်အတွင်း ပြည်သူတို့မှာထုံး၊ နနွင်း၊ အိုးမဲမသုတ် မလိမ်း၊ မသန့်မပြန့်သည့် ရေများကို မဖျန်းပက်ကြစေနှင့်၊ အမွှေးအထုံ ရေကြည်ရေသန့်များနှင့် နံနက်ခင်း၊ ညနေခင်းကိုသာ ဖျန်းပက်ကြစေ” ဟုဖော်ပြပါရှိသည်မှာ သင်္ကြန်ပွဲတော်၏ သိမ်မွေ့သော အသွင်သဏ္ဌာန် ကို ထင်ရှားပေါ်လွင်စေသည်။ သင်္ကြန်သည်မြန်မာတို့၏ ယဉ်ကျေးမှုကို ဖော်ပြသော ပွဲတော်တစ်ခုလည်း ဖြစ်ခဲ့သည်။ မြန်မာတို့၏ ချစ်စရာဓလေ့ကို “ဒါနကတဝေေ၀၊ ရေတွေက တရွှဲရွှဲ၊ ပျော်ပွဲကတဝင့်ဝင့်”ဟူ၍ အလှူဒါနနှင့် အပျော်အရွှင်တို့ကို မျှမျှတတဆောင်ရွက်ကြသည့် မြန်မာတို့၏ သိမ်မွေ့လေးနက်သည့် စိတ်ဓာတ်ကို ဆရာဇော်ဂျီက တစ်ခုသောသင်္ကြန်ခါ ကဗျာတွင်ဖော်ကျူးထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၃၀ ရက်တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂)၌ အမှာစကား ပြောကြားရာတွင် “ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာ တစ်ခုအထိ ထိန်းသိမ်းနိုင်ပြီဖြစ်သဖြင့် ယခုနှစ် သင်္ကြန်ပွဲတော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျင်းပပြုလုပ်ရန် ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ အနေဖြင့်လည်း သင်္ကြန်ပွဲတော် ကျင်းပရာတွင် လုံခြုံရေးအသိဖြင့် ကိုဗစ်-၁၉ စည်းမျဉ်းစည်း ကမ်းများနှင့်အညီ ကျင်းပဆောင်ရွက်သွားရန် လိုကြောင်း “ ထည့်သွင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ဆေးကို နိုင်ငံအတွင်း ထုတ်လုပ်နိုင်ပြီဖြစ်သည့်အပြင် ရောဂါပိုးတွေ့ရှိမှု နှုန်းမှာလည်း သုည ဒသမ ၄၂ ရာခိုင်နှုန်းထိ ကျဆင်းနေပြီဖြစ်သည်။ သင်္ကြန်ကာလအတွင်း အဖျက်အမှောင့် လုပ်ရပ်များ မရှိစေရန် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် လုံခြုံရေးအဖွဲ့များ စနစ်တကျပူးပေါင်း ဆောင်ရွက်ကြမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲမည့် မြန်မာတို့၏ မဟာသင်္ကြန်ပွဲတော်ကြီး ပျော်ရွှင်စွာဆင်နွှဲ အောင်မြင်ပါစေကြောင်း ရေးသား လိုက်ရပေသည်။   ။