ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းမှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူပြည်သူအပေါင်း-

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း နှစ်သစ်မင်္ဂလာဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းရောက်လာပြီဖြစ်ပါ၍ နှစ်ဟောင်းမှ မကောင်းသော ဘေးဒုက္ခ အပေါင်းကင်းဝေးပြီး ပျော်ရွှင်ကြည်နူးဖွယ်ကောင်းလှသောနှစ်သစ်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိလေတိုင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် သံဃာတော်များက လည်းကောင်း၊ နိုင်ငံတော်အကြီးအကဲနှင့် အစိုးရအဖွဲ့ဝင်များက လည်းကောင်း၊ အခြားသော ပုဂ္ဂိုလ်များကလည်းကောင်း နှစ်သစ်ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားလေ့ ရှိပါသည်။

မေတ္တာတရားရှေ့ထား၍ နိုင်ငံတော်ကြီးသာယာအေးမြပါစေကြောင်း၊ ပြည်သူများ အနာရောဂါဘေးရန် ကင်းကွာ၍ ဘာသာသာသနာအကျိုး သယ်ပိုးဆောင်ရွက် အောင်မြင်ပါစေကြောင်း၊ ထာဝရငြိမ်းချမ်း ပါစေကြောင်း စသည်ဖြင့် ဆုတောင်းစကားများမှာ တန်ဖိုးကြီးမားလှပါသည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ အပေါင်းသည် အဖျက်အမှောင့် အနှောင့်အယှက်ကင်းစွာ မိမိတို့၏ဘဝကို ရှင်သန်ရပ်တည်နေလိုကြသည်။ အလုပ်အကိုင် အခွင့်အလမ်းပေါများ၍ မိသားစုဘဝ အဆင်ပြေပြေနေလိုကြသူများ ဖြစ်ကြသည်။

မိမိတို့ကိုးကွယ်ကြသော ဘာသာတရားအလိုက် လှူချင်တန်းချင်ကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ရေ၊ရိက္ခာဖူလုံရေးဟူသော အမျိုးသားရေး လုပ်ငန်းစဉ်နှစ်ခုကို ချမှတ်ဆောင်ရွက်အကောင်အထည်ဖော်လျက် ရှိသလို စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။

တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုသည့်အတိုင်း ပြည်သူတစ်ရပ်လုံးက ညီညီညွတ်ညွတ် ရှိနေမည်ဆိုပါလျှင် ၁၃၈၄ ခုနှစ်သည် ပျော်စရာကောင်းသောနှစ်သစ် ဖြစ်ပါလိမ့်မည်။ မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသောတိုင်းရင်းသားများသည် နှစ်ပရိစ္ဆေဒကြာမြင့်စွာကပင် အတူတကွ အေးအတူပူအမျှ နေထိုင်လျက်ရှိသည့်နိုင်ငံ ဖြစ်ပါသည်။ မြေပေါ်မြေအောက်သယံဇာတများ များစွာရှိပြီး စက်မှုလုပ်ငန်းနှင့် ဆက်စပ်နေသည့် တွင်းထွက်ပစ္စည်းများလည်း နေရာအနှံ့တွင် ရှိနေပါသည်။ စိုက်ပျိုးမြေများလည်း များစွာရှိသကဲ့သို့ သင့်တင့်မျှတသောရာသီဥတုလည်းရှိနေပါသည်။ သဘာဝသယံဇာတ ပေါကြွယ်သလို လူသားအရင်းအမြစ်များပေါကြွယ်ရန်လည်း လိုအပ်ပါသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသားများပညာရေးအတွက် ကျောင်းများအားလုံးကို ဖွင့်လှစ်ပေးခဲ့ပြီး အခြေခံပညာကျောင်းများအားလုံး စာမေးပွဲဖြေဆိုပြီးစီးကြပြီဖြစ်ပါသည်။ အဆင့်မြင့်ပညာ ကျောင်းများ အားလုံးကို ဖွင့်လှစ်တော့မည် ဖြစ်ပါသည်။ ပညာရေးအတွက် ဆောင်ရွက်ပေးနေသလို ကျန်းမာရေး အတွက်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  နိုင်ငံအတွင်းထုတ်လုပ်နိုင်ပြီ ဖြစ်သည့်အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်ချက်များကြောင့် ရောဂါပိုးတွေ့ရှိမှုမှာလည်း များစွာ လျော့နည်းကျဆင်းသွားခဲ့ပြီ ဖြစ်ပါသည်။ ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် အချိန်ကာလတွင် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကိုလည်း စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ကျင်းပပေးခဲ့ပြီး ဖြစ်ပါသည်။

လူငယ်တို့အတွက် ပျော်ရွှင်ရမည့်အချိန်တွင် ပျော်ရွှင်နေကြရန်အတွက် မဟာသင်္ကြန်ပွဲတော်ကို အနှစ်သာရ ပြည့်ဝစွာ ကျင်းပခဲ့သည်မှာ နိုင်ငံတော်အစိုးရနှင့်ပြည်သူတို့ ချစ်ကြည်ဖြူစွာ လက်တွဲခြင်း၏ ရလဒ်ကောင်းဖြစ်သည်။

နှစ်သစ်သို့ရောက်ရှိတိုင်း ဆုတောင်းမေတ္တာ ပို့သပေးလျက်ရှိသလို လူတိုင်းကလည်း ထိုပို့သသောမေတ္တာကို ရရှိခံစားနိုင်ကြရန် လိုအပ်ပါသည်။ ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုသည့်အတိုင်း ကျန်းမာအောင် နေထိုင်ကြရမည် ဖြစ်သလို ချမ်းသာအောင်လည်း နေထိုင်ကြရမည် ဖြစ်ပါသည်။ လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မခံရရေးအတွက် ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရသည်။ ထို့ကြောင့် ကျန်းမာရေးကောင်းမွန်လာကြသည်။ ထို့အတူ ချမ်းသာအောင်နေထိုင်ရေးမှာလည်း ခက်ခဲလှသည်မဟုတ်ပါ။

ချမ်းသာခြင်းဆိုရာဝယ် ငွေကြေးချမ်းသာခြင်းထက်စိတ်ချမ်းသာခြင်းကိုအဓိကဆိုလိုချင်ပါသည်။

လူတိုင်းချမ်းသာစွာနေလိုပါက အသေဝနာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စသေဝနာ၊ ပူဇာစပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ သူမိုက်ကိုမမှီဝဲ မဆည်းကပ်ခြင်း၊ ပညာရှိသူကို မှီဝဲဆည်းကပ်ခြင်း၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်းဟူသော ဤတရားသုံးပါးကို မြတ်သောမင်္ဂလာဟူ၍ ဟောတော်မူထားပါသည်။ အာရတီ ဝီရတီပါပါ။ မဇ္ဇပါနာ စ သံယမော။ အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ မကောင်းမှုဟူသမျှဝေးဝေးက ရှောင်နိုင်ခြင်း၊ မကောင်းမှုကို မလုပ်ဖြစ်အောင် မကျူးလွန်ဖြစ်အောင် အထူးရှောင်ကြဉ်နိုင်ခြင်း၊ သေရည်သေရက် မူးယစ်ဆေးဝါးတို့ကို မသောက်မစားဖြစ်အောင်ရှောင်ကြဉ်နိုင်ခြင်း၊ ကုသိုလ်ရမည့်ကောင်းမှု အလုပ်တို့ကို မပြတ်သတိရပြီး မမေ့မလျော့ ဆောင်ရွက်ခြင်း ဟူသော ဤတရားလေးပါးတို့သည် မြတ်သောမင်္ဂလာဖြစ်ပါသည်။ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်များမှ အထက်ပါတရား ခုနစ်ပါးကို အမှန်တကယ် လိုက်နာလုပ်ဆောင်လျှင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာမည် ဖြစ်ပါကြောင်း။   ။