မကောင်းမှုပြုသူတို့ ချုပ်ငြိမ်းရေး

မကောင်းမှုပြုသူတို့ ချုပ်ငြိမ်းရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဧပြီ  ၂၀  ရက်)

သက်ရှိလူသားတိုင်း၏ ဆန္ဒအစစ်အမှန်သည် မိမိတို့နေထိုင်ရာ လူမှုပတ်ဝန်းကျင်တွင် အေးအေးချမ်းချမ်း သာသာယာယာ နေထိုင်လိုကြသည်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် အသက်ရှည်ရှည် နေထိုင်လိုကြသည်။

ထို့ကြောင့် မကောင်းမှုကို မပြုလုပ်မိအောင် ရှောင်ကြဉ်ကြသည်။ ကောင်းမှုမှန်သမျှ တတ်စွမ်းနိုင်သမျှ လုပ်ဆောင်ကြသည်။ ကောင်းမြတ်ဖြူစင်သော စိတ်ထားဖြင့် မိမိ၊ သူတစ်ပါးကောင်းကျိုးကို သယ်ပိုးဆောင်ရွက် ကြသည်။ လောကတွင် ကောင်းကျိုးပြုသူနှင့် ဆိုးကျိုးပြုသူတို့မှာ ဒွန်တွဲလျက်ရှိရာ မကောင်းမှုပြုသူသည် မကောင်းကျိုးကိုသာ ခံစားကြရမည်ဖြစ်သလို ကောင်းကျိုးပြုသူသည် ကောင်းကျိုးတရားကို စံစားကြရမည်ဖြစ်သည်။

လူ့ဘဝရခဲလှသော အခိုက်အတန့်တွင် ကောင်းမှု ကုသိုလ်ပွားများခြင်း၊ မိမိ သူတစ်ပါး ကောင်းကျိုးသယ်ပိုး ဆောင်ရွက်ခြင်းတို့မှာ လူသားတို့အတွက် အရိပ်ပမာစဉ်မကွာ လိုက်ပါနေမည့် ကောင်းမှုများဖြစ်သည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာအား ကိုးကွယ်ယုံကြည်သူများ အများဆုံး နေထိုင်သည့် နိုင်ငံဖြစ်သည်။ မြန်မာဟု ဆိုလိုက်သည်နှင့် ဗုဒ္ဓဘာသာနိုင်ငံဖြစ်ကြောင်း  ကမ္ဘာက သိမှတ်ကြပြီးဖြစ်သည်။ မေတ္တာ၊ ကရုဏာ၊မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရား လေးပါးအတိုင်းသာ လူမှုဆက်ဆံရေး နယ်ပယ်တွင် ကျင့်သုံးကြမည် ဆိုပါက လူအချင်းချင်း မုန်းတီးမှုများ ကင်းစင်နေပေလိမ့်မည်။

မြန်မာတို့၏ နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသည့် ဓလေ့ထုံးစံမှာ အလွန်ယဉ်ကျေးသော ရေသဘင်ပွဲတော် ကျင်းပခြင်းဖြစ်သည်။ ရှေးနှစ်ပေါင်းများစွာကတည်းက ယနေ့တိုင် တည်ရှိနေသော ပွဲတော်ဖြစ်သည်။

ထိုပွဲတော်ကာလအတွင်း ဘုရား၊ ကျောင်း၊ စေတီများတွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းနှင့် တရားဘာဝနာပွားများ အားထုတ်ကြသည်။ ဘုရား၊ တရား၊ သံဃာရတနာမြတ် သုံးပါးတို့အား သဒ္ဓါထက်သန်စွာ ကြည်ညိုပူဇော်ကြသည်။ မိဘ၊ ဘိုးဘွား၊ သက်ကြီးရွယ်အိုများအား ဂါရဝတရား ဦးထိပ်ထားလျက် ပြုစုစောင့်ရှောက်ကြသည်။

လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် ပေးအပ်လှူဒါန်းကြသည်။ တိရစ္ဆာန်သတ္တဝါများအား ဘေးမဲ့ လွှတ်ပေးကြသည်။

ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကား ကျင်းပခဲ့သော မြန်မာတို့၏ နှစ်သစ်ကူးပွဲတော်၊ တစ်နည်းဆိုရသော် မဟာသင်္ကြန်ပွဲတော်ကား အောင်မြင်ပြီးမြောက်ခဲ့ပြီဖြစ်သည်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့၏ စည်းလုံးညီညွတ်မှုကို မြင်တွေ့ခဲ့ကြရပြီးဖြစ်သည်။ ဤပွဲတော်သည် လူမျိုးဘာသာမရွေး ပါဝင်ဆင်နွှဲနိုင်သောပွဲတော်လည်း ဖြစ်ပေရာ လွန်စွာပင်ပျော်ရွှင် ချမ်းမြေ့လှပေသည်။ တစ်နှစ်တာ ပင်ပန်းနွမ်းနယ်မှု မှန်သမျှ စိတ်အပန်းပြေစေရန်အတွက် ပင်လယ်ကမ်းခြေ အနားယူစခန်းများတွင် မိသားစုအလိုက် အနားယူကြရင်း ရေပက်ကစားကြသည်။ ပတ်ဝန်းကျင်သဘာဝ အလှရှုခင်းများကို ကြည့်ရှုကြရသည်။

မြန်မာတို့၏ ထာဝစဉ်မြတ်နိုး နှစ်သက်ဖွယ်ကောင်းသော  သင်္ကြန်ယဉ်ကျေးမှု အစဉ်အလာများကို နှောင့်ယှက်ဖျက်ဆီးမည့် သူများ ပေါ်ပေါက်လာခဲ့သည်။ မြန်မာ့ယဉ်ကျေးမှု သမိုင်းကြောင်းတွင် ယုံကြည်ချက် ခံယူချက်မည်သို့ပင် ကွဲပြားခြားနားသော်လည်း တိုင်းရင်းသားပြည်သူ အားလုံးနှင့်ဆိုင်သော ယဉ်ကျေးမှု အစဉ်အလာများကို မည်သည့်အခါမျှ၊ မည်သူမျှဖျက်ဆီး နှောင့်ယှက်ခြင်း မရှိခဲ့ပေ။ ယနေ့ကာလအတွင်း မြန်မာနိုင်ငံ ပျက်စီးရေး၊ မြန်မာပြည်သူတို့ ဒုက္ခမျိုးစုံကြုံတွေ့စေရေး အတွက် အဖျက်လုပ်ရပ်များ လုပ်ဆောင်နေသူတို့မှာ ၎င်းတို့၏ မကောင်းသော လုပ်ရပ်များသည် ယင်းတို့ကိုပင် ပြန်လည်ထိခိုက် နစ်နာစေလျက်ရှိနေပြီဖြစ်သည်။

ပြည်သူတစ်ရပ်လုံးက နိုင်ငံနှင့်လူမျိုးအပေါ် အကြမ်းဖက် လုပ်ရပ်မျိုးစုံဖြင့် ဖျက်ဆီးနှောင့်ယှက်သူများအား နာကြည်းမုန်းတီးရွံရှာနေပြီဖြစ်သည်။ ဣဿာ၊ မစ္ဆရိယ၊ ဒေါသ၊ မောဟဖုံးလွှမ်းနေသော သူများသည် မြန်မာတစ်မျိုးသားလုံး တန်ဖိုးထားမြတ်နိုးသော ရိုးရာယဉ်ကျေးမှု အစဉ်အလာပွဲတော်ကို အကျည်းတန် အရုပ်ဆိုးအောင်ကြံစည်ကာ အဖျက်လုပ်ရပ်များ လုပ်ခဲ့ကြသော်လည်း မြန်မာတို့၏ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကား အောင်မြင်ပြီးမြောက်ခဲ့ပြီဖြစ်ပါသည်။

ယခုအခါ ပြည်သူတိုင်းက မိမိတို့နေထိုင်ရာဒေသကို အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အဖျက်သမားတို့ သတင်းများ ကြားလျှင်ကြားသိခြင်း သက်ဆိုင်ရာသို့ သတင်းပေးပို့နေကြပြီဖြစ်သည်။ ထို့ကြောင့်လည်း သင်္ကြန်ပွဲတော်အတွင်း ဖောက်ခွဲဖျက်ဆီး နှောင့်ယှက်ရန်ကြိုးပမ်းသူများကို အချိန်မီ ထိန်းသိမ်းနိုင်လိုက်သည်။

အချိန်မီဖမ်းဆီး ထိန်းသိမ်းနိုင်ခြင်းအတွက်လည်း ပြည်သူများက သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများကို ကျေးဇူးတင်ကြသည်။ ၁၃၈၄ ခုနှစ်သည် မြန်မာတို့အတွက် အမှန်တကယ်ငြိမ်းချမ်းမည့်နှစ်ဖြစ်သည်။

ငြိမ်းချမ်းစေအောင်လည်း ပြည်သူတစ်ရပ်လုံးက ယခုထက်ပိုမို၍ လုပ်ဆောင်ကြရမည်ဖြစ်သည်။ အနှစ်ချုပ် ဆိုရသော် ကောင်းမှုကို မြတ်နိုးသူများအနေဖြင့် မကောင်းမှုပြုသူမှန်သမျှ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင်လုံးဝကင်းရှင်းရေးကို ဦးတည်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။  ။