ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးဥယျာဉ်

မြန်မာနိုင်ငံရှိ မြို့ရွာတိုင်းတွင် ကန်များအရွယ်အစားအမျိုးမျိုးအလိုက် တည်ရှိကြသည်။ မြို့ပြ တည်ဆောက်မှုတွင် ကန်သည်မရှိမဖြစ် ထည့်သွင်းတည်ဆောက်ကြရသည်။ အဓိကမှာ သောက်သုံးရေ၊ စိုက်ပျိုးရေ လုံလောက်ရေးနှင့် လူသားတို့ အသက်ရှင်ရေးအတွက်ဖြစ်သည်။ ထိုမှတစ်ဆင့် ကြီးမားသောကန်များမှာ ကန်တော်ကြီးဟု အမည်တပ်ကာ လူသားတို့စိတ်ချမ်းမြေ့စွာ သွားလာအပန်းဖြေနိုင်မှု၊ သဘာဝပတ်ဝန်းကျင်ကောင်းမွန်မှု၊ တိရစ္ဆာန်များခိုအောင်းနေထိုင်မှုတို့အတွက် လူသားတို့၏စွမ်းအားဖြင့်  လှပသာယာအောင် လုပ်ဆောင်လျက်ရှိကြသည်။ ထိုကန်တော်ကြီးများတွင် ပြင်ဦးလွင်ရှိ အမျိုးသား ကန်တော်ကြီးသည်လည်း တစ်ခုပါဝင်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့်ဘုရင်ခံအိမ်တော် (Governor House) ထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ဥယျာဉ် ရှင်းလင်းဆောင်ခန်းမတွင် သက်ဆိုင်ရာတာဝန်ရှိသူများက အမျိုးသားကန်တော်ကြီးဥယျာဉ်ဆိုင်ရာ အချက်အလက်များ၊ ဥယျာဉ်အတွင်းရှိ ရေကန်များ၌ ရေဝင်ရောက်ရှိနေမှုအခြေအနေများ၊ လိုအပ်သည့် မွမ်းမံပြင်ဆင်မှုများ၊ ဥယျာဉ်သန့်ရှင်းသာယာ လှပရေးအတွက် ဥယျာဉ်ဝန်ထမ်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကန်တော်ကြီးသည် ပြင်ဦးလွင်မြို့၏ Land markဖြစ်ကြောင်း၊ ဥယျာဉ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စဉ်းစားဆောင်ရွက်စေလိုကြောင်း၊ အမျိုးသားဥယျာဉ်ဖြစ်၍ ပန်းခြံသီးသန့်ကိုသာ ထိန်းသိမ်းအဆင့်မြှင့်တင်ခြင်း မဟုတ်ဘဲ ဥယျာဉ်သို့ လာရောက်လည်ပတ်သူများကို အဓိကဆွဲဆောင်ထားသည့် ရေကန်များ သာယာလှပစေရန်နှင့် ရေကိုစနစ်တကျ ထိန်းသိမ်းထားရှိမှသာလျှင် လာရောက်လည်ပတ်သူများကို ဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးမှာကြားခဲ့သည်။

အမျိုးသားကန်တော်ကြီးဥယျာဉ်တော် အတွင်းရှိ ရေကန်များသို့ ယမန်နှစ်ပိုင်းက ရေဝင်ရောက်မှုများ နည်းပါးနေသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၁ ခုနှစ် စက်တင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ပြင်ဦးလွင်မြို့သို့လာရောက်သည့်ခရီးစဉ်များတွင် ကန်တော်ကြီး ရေကန်များ၏ ရေဝေရေလဲကောင်းမွန်စေရေးနှင့် ရေဝင်ရောက်မှုများ များပြားစေရေးအတွက် လမ်းညွှန်ခဲ့သည် များကို လိုက်နာအကောင်အထည်ဖော်ခဲ့သည့်အတွက် ယခုအခါ ကန်တော်ကြီးအတွင်း ရေဝင်ရောက်မှုမှာ ယခင်နှစ်စစ်ဆေးစဉ်က ရေလှောင်ကန်အတွင်း ကန်ရေအနက် ၁၆ ပေသာရှိခဲ့ရာမှ ယခုအခါ ပေ ၂၀ သို့ရောက်ရှိလာပြီ ဖြစ်သည်။

ဧပြီ ၁၇ ရက်နေ့ တိုင်းတာချက်များအရ ကန်အမှတ် ၁ တွင် ရေပြည့်အမှတ် ၆ ပေရှိသည့်အနက် လက်ရှိရေ အမှတ် ၆ ဒသမ ၅ ပေ၊ ကန်အမှတ် ၂ တွင် ရေပြည့်အမှတ် ၇ ပေရှိသည့်အနက် လက်ရှိရေပြည့် အမှတ်၇ ပေ၊ ကန်အမှတ် ၃ တွင် ရေပြည့်အမှတ် ၁၁ ပေရှိသည့်အနက် လက်ရှိရေအမှတ် ၇ ဒသမ ၄ ပေ၊ ကန်အမှတ် ၄ တွင် ရေပြည့်အမှတ် ၃၂ ပေရှိသည့်အနက် လက်ရှိရေအမှတ် ပေ ၂၀ ရှိကြောင်း သိရှိရသည်။

ပြင်ဦးလွင်မြို့ကို တောင်ပေါ်အပန်းဖြေမြို့တော်၊ ချယ်ရီမြို့တော်၊ ပန်းမြို့တော်၊ ကော်ဖီမြို့တော်အဖြစ် ဆောင်ရွက်လျက်ရှိသည့်အတွက် ကန်တော်ကြီးဥယျာဉ်အတွင်း၌လည်း စနစ်တကျဖြင့် သန့်ရှင်းသာယာလှပ မှုရှိအောင် ဆောင်ရွက်လျက်ရှိသည်။ ကန်တော်ကြီးဥယျာဉ်သည် ဧရိယာ ၄၃၆ ဧကကျော်ရှိပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မိုးရွာသွန်းမှုအားနည်းခဲ့သည်ကို တွေ့ရှိရသည်။ ၂၀၂၁ ခုနှစ်တွင် မိုးရွာရက်များခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် မိုးရွာသွန်းမှု ပိုမိုများပြားမည်ဟု ခန့်မှန်းချက်များအရ သိရှိရသည်။ ပြင်ဦးလွင်ဒေသ စိမ်းလန်းစိုပြည်ရေးနှင့် ကန်တော်ကြီးဥယျာဉ်ရေဝင်ရောက်မှု၊ ရေထိန်းသိမ်းနိုင်မှုတို့ကို စနစ်တကျဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်မှု ရှိလာတော့မည် ဖြစ်သည်။

ပြင်ဦးလွင်ဟုဆိုလိုက်သည်နှင့် သဘာဝတောတောင်ရေမြေစိမ့်စမ်း၊ ရေတံခွန်အသွယ်သွယ်နှင့် ပြည့်စုံပြီး တောပန်းတောရနံ့တို့သာမက ပန်းပေါင်းစုံဝေေ၀ဆာဆာ လှလှပပ ဖူးပွင့်နေသည့် ပန်းဥယျာဉ်ကြီးကို မျက်စိထဲတွင် မြင်ယောင်မိကြသည်။ မှိုင်းညို့ညို့တောင်တန်းကြီးများကြား ငွေနှင်းမှုန်တဖွဲဖွဲ တဖြောက်ဖြောက်

ကျရောက်ကာ တစိမ့်စိမ့်အေးလှသည့် အရသာကို ခံစားရခြင်းသည် ပြင်ဦးလွင်၏ နှစ်သက်ဖွယ်ရာသီဥတု ဖြစ်သည်။

ပြင်ဦးလွင်ဆိုသည်မှာ မြန်မာသက္ကရာဇ် ၁၁၄၉ ခုနှစ်(ခရစ်နှစ် ၁၇၈၇ ခုနှစ်)ကတည်းက ရှိခဲ့သောနာမည် ဖြစ်သည်။ထိုစဉ်က ပြင်ဦးရွာအမည်ဖြင့်တည်ရှိခဲ့ပြီး အင်္ဂလိပ်တို့က ၁၈၉၇ ခုနှစ်တွင် မေမြို့အမည်ပြောင်းခဲ့ခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့တွင် မေမြို့မှ ပြင်ဦးလွင်သို့ ပြန်လည်ပြောင်းလဲ သတ်မှတ်ခဲ့သည်။ ပြင်ဦးလွင်တွင် ထင်ရှားသောနေရာဒေသ၊ လုပ်ငန်းများ များစွာရှိနေသည့်အထဲတွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်တော်သည်လည်း တစ်ခုပါဝင်ပေရာ အဆိုပါ ကန်တော်ကြီးဥယျာဉ်အား ပြင်ဦးလွင်မြို့၏ Lank Mark ဖြစ်အောင် ကြိုးစားအကောင်အထည်ဖော်နေခြင်းမှာ နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။     ။