ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် ဧပြီ ၂၁
AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ (Task Force)ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် ံ H.E. Dr. KUNG Phoak ဦးဆောင်သည့် ကမ္ဘောဒီးယား ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန အာဆီယံရေးရာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က တူညီဆန္ဒ(၅)ချက်အကောင် အထည်ဖော်ဆောင်ရန်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ စိတ်ရှည်သည်းခံမှု၊ နားလည်ပေးမှုနှင့် ခိုင်မာသော ထောက်ခံမှုကို မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တူညီဆန္ဒ(၅)ချက်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ဆန္ဒရှိပါကြောင်းနှင့် အသင့်ရှိပါကြောင်း ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့် မြန်မာနိုင်ငံတို့အနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး ကိစ္စသက်သက်ကိုသာ အလေးထား လုပ်ဆောင်သင့်ကြောင်းနှင့် တူညီဆန္ဒ(၅) ချက်အား အကောင်အထည် ဖော်ဆောင်ရာတွင် လက်တွေ့ကျကျ လုပ်ဆောင်ရန် အထူးအလေးထားသင့်ကြောင်း ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် မည်သူ့ကိုမျှ ချန်လှပ်မထားစေရေး မူဝါဒကို အလေးထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အာဆီယံနှင့် ပြင်ပမိတ်ဖက် အဖွဲ့အစည်းများ၏ လုပ်ငန်းများနှင့် ဦးဆောင်ဦးရွက်ပြုမှုအားလုံးသည် မြန်မာနိုင်ငံအစိုးရ၏ လုပ်ငန်းစဉ်နှင့် မူဘောင်နှင့်အညီသာ ဖြစ်သင့်ကြောင်း ပြောကြားသည်။
H.E. Dr. KUNG Phoak က ခရီးစဉ်အတွက် စီစဉ်ထားရှိမှုများနှင့် အစည်းအဝေးများတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများအတွက် မြန်မာအစိုးရကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲမှုကို လေးစားပါကြောင်း၊ တခြားနိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်လိုသည့် ဆန္ဒမပါဘဲ မြန်မာနိုင်ငံအား ကူညီရန် ဖြစ်နိုင်မည့် နည်းလမ်းများကို ရှာဖွေ လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့ပြင် ကမ္ဘောဒီးယား နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အလားတူ သမိုင်းနောက်ခံရှိသည့်အတွက် ပြည်တွင်းကိစ္စရပ်များ၏ ရှုပ်ထွေးမှုများကို နားလည်ပါကြောင်းနှင့် ကမ္ဘောဒီးယား နိုင်ငံအနေဖြင့် အာဆီယံနှင့် မြန်မာနှစ်ဦး နှစ်ဖက်လုံးအတွက် အဆင်ပြေသည့် နည်းလမ်းဖြင့် မြန်မာအား ကူညီရန် အသင့်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကမ္ဘောဒီးယားအနေဖြင့် အာဆီယံ၏အစည်းအဝေးတိုင်းတွင် အာဆီယံအဖွဲ့ဝင်အားလုံးပါဝင်သည့် အာဆီယံ တပေါင်းတစည်းတည်းဖြစ်မှုကို ပြန်လည် တည်ဆောက်လိုပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် တူညီဆန္ဒ(၅)ချက်အား အကောင်အထည်ဖော်ဆောင်ရန် ဖြစ်နိုင်သည့်နည်းလမ်း ပေါင်းစုံဖြင့် ကူညီဆောင်ရွက်နေမှုကို ပြသလိုပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။