နေပြည်တော် မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း ကျောက်စာချပ်များအဖြစ် ရေးထွင်းပူဇော်မည့် ပိဋကတ်သုံးပုံ ပါဠိတော်ကို မြန်မာအက္ခရာ/ Roman အက္ခရာဖြင့် စိစစ်တည်းဖြတ်နိုင်ရေး အတွက် စိစစ်တည်းဖြတ်ရေး ကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း ကျောက်စာချပ်များအဖြစ် ရေးထွင်းပူဇော်မည့် ပိဋကတ်သုံးပုံ ပါဠိတော်ကို မြန်မာအက္ခရာ/ Roman အက္ခရာဖြင့် စိစစ်တည်းဖြတ်နိုင်ရေး အတွက် စိစစ်တည်းဖြတ်ရေး ကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်   ဧပြီ   ၂၁

နေပြည်တော် မာရဝိဇယရုပ်ပွားတော် မြတ်ကြီး ပရိဝုဏ်အတွင်း ကျောက်စာချပ်များဖြင့် ရေးထိုးထွင်းထု ပူဇော်မည့် ပိဋကတ် သုံးပုံပါဠိတော်ကို မြန်မာအက္ခရာ/ Roman အက္ခရာဖြင့် စိစစ်တည်းဖြတ်နိုင်ရေးအတွက်  စိစစ်တည်းဖြတ်ရေး ကော်မတီ၏ စတုတ္ထ အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော စိစစ်တည်းဖြတ်ရေး ကော်မတီနာယက နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တကုမာရ အမှူးပြုသော ဆရာတော်ကြီး ၁၅ ပါးတို့သည် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်  ဒက္ခိဏသီရိမြို့နယ်၌ တည်ထားမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်း လျှောက်ထားသည်ကို သွားရောက်ဖူးမြော်ကြည်ညိုသည်။

ယင်းနောက် စတုတ္ထအကြိမ်  လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် Aureum Palace Hotel, Lake View Hall   အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ စိစစ်တည်းဖြတ်ရေး ကော်မတီနာယက များဖြစ်ကြသည့်   နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ  ဒေါက်တာဘဒ္ဒန္တကုမာရ၊   စိစစ်တည်းဖြတ်ရေး ကော်မတီ   နာယက နိုင်ငံတော်ပရိယတ္တိယ သာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ  ဒေါက်တာဘဒ္ဒန္တကေသရ၊  စိစစ်တည်းဖြတ်ရေး ကော်မတီဥက္ကဋ္ဌ   နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်  (ရန်ကုန်) ဒုတိယပါမောက္ခချုပ် (သင်ကြား)ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဇောတိက၊ စိစစ်တည်းဖြတ်ရေး ကော်မတီ အတွင်းရေးမှူး အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယပါမောက္ခချုပ် (သင်ကြား) ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော ဆရာတော်များနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ သာသနာ တော်ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်း၊  မြန်မာစီးပွားရေး ကော်ပိုရေးရှင်း  ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်း၊  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)   စစ်ထောက်ချုပ်ရုံး ဗိုလ်မှူးကြီး စိုးမြင့်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာသော  စိစစ်တည်းဖြတ်ရေး ကော်မတီနာယက နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တကုမာရက  နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုနယ်မြေ၌ တည်ထားကိုးကွယ်မည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး “မာရဝိဇယ ”  ဗုဒ္ဓရုပ်ပွားတော်ရင်ပြင်တော်၌ တည်ထားပူဇော်မည့်    ပါဠိ/ Roman ကျောက်စာဓမ္မ စေတီတော်များ လုပ်ငန်း၌ ပါဝင်ဆောင်ရွက်ရခြင်းသည် မိမိဘဝ၏ မှတ်တိုင်စိုက်ထူနိုင်ခြင်းသည် ရှေးကပြုစုကောင်းမှု၏ အကျိုးထူးများပင် ဖြစ်ကြောင်းနှင့်  စိစစ်ပြီးသော ပါဠိတော်များကို ကျမ်းစာအုပ်အဖြစ်  ရိုက်နှိပ်ဖြန့်ဝေသည့်အခါ ဆဋ္ဌသင်္ဂါယနာ စာတော်မူ အစီအစဉ်အတိုင်း ပြည့်ပြည့်စုံစုံ ရိုက်နှိပ်ဖြန့်ဝေပေးရန် လေးလေး နက်နက် တိုက်တွန်းကြောင်း  သြဝါဒမိန့်ကြားသည်။

ဆက်လက်၍ စိစစ်တည်းဖြတ်ရေး ကော်မတီနာယက  နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရက စာမူတည်းဖြတ်သော လုပ်ငန်းကြီးသည် ပါဠိတော်အုပ်ရေ ၄၀ ကို တက္ကသိုလ်လေးခု  လေးဖွဲ့ခွဲပြီး စိစစ်ခြင်း လုပ်ငန်းပြီးဆုံးသွား ပြီဖြစ်ကြောင်း၊ ယခုလုပ်ငန်းအား  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရက ကူညီထောက်ပံ့သောကြောင့်  လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ   ဆောင်ရွက်နိုင် ကြောင်း သြဝါဒမိန့်ကြားသည်။

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးအေးထွန်းက လျှောက်ထားရာတွင်  ပိဋကတ်သုံးပုံ ပါဠိတော်ကို မြန်မာအက္ခရာ/ Romanအက္ခရာဖြင့်   စိစစ်တည်းဖြတ်ရေး လုပ်ငန်း  ကိစ္စရပ်များကို ဆရာဒကာ လက်တွဲညီစွာဖြင့် ဆောင်ရွက်ခဲ့သောကြောင့် ပါဠိတော်အုပ်ရေ ၄၀ မှ ၃၇ အုပ်စိစစ်ပြီး သုံးအုပ်သာစိစစ်ရန်  ကျန်ရှိသော်လည်း အဆိုပါသုံးအုပ်အား  ဧပြီလအတွင်း အပ်နှံမည်ဖြစ်၍ စိစစ်ခြင်းလုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သဖြင့်    ဂုဏ်ယူဝမ်းမြောက်ကြောင်း  လျှောက်ထားသည်။

နိဂုံးချုပ်အနေဖြင့် စိစစ်တည်းဖြတ်ရေး ကော်မတီနာယက ဒေါက်တာဘဒ္ဒန္တကုမာရ က စိစစ်တွေ့ရှိချက်၊  ပြင်ဆင်ချက်များကို  အကောင်းဆုံး   မှတ်တမ်းတင်ထားရှိပြီး ကောင်းသထက်ကောင်းအောင် ဆောင်ရွက် ကြရန်  မိန့်ကြားသည်။ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာသော ဆရာတော်များနှင့် ပညာရှင်လူပုဂ္ဂိုလ်များက ပိဋကတ်သုံးပုံ ပါဠိတော်ကို မြန်မာအက္ခရာ/ Roman အက္ခရာဖြင့်  စိစစ်တည်းဖြတ်ရေးလုပ်ငန်း ကိစ္စရပ်များကို  ဝိုင်းဝန်းဆွေးနွေးကြရာ  ဆုံးဖြတ်ချက် (၉)ရပ်ကို ချမှတ်အတည်ပြုခဲ့သည်။   ထို့နောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာသော ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး  အစည်းအဝေးကို ညနေ ၃ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။