လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတွင် သုံးစွဲသူပြည်သူများထံ အလေအလွင့်နည်းပါးစွာ လျှပ်စစ်မီး ရရှိရေး စီမံဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်အတွက် ဓာတ်အားခ အခွန်အခများကိုလည်း အပြည့်အဝရရှိရေး ကောက်ခံ သွားရမည်ဖြစ်

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတွင် သုံးစွဲသူပြည်သူများထံ အလေအလွင့်နည်းပါးစွာ လျှပ်စစ်မီး ရရှိရေး စီမံဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်အတွက် ဓာတ်အားခ အခွန်အခများကိုလည်း အပြည့်အဝရရှိရေး ကောက်ခံ သွားရမည်ဖြစ်

နေပြည်တော်  ဧပြီ  ၂၁

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကဏ္ဍနှင့် ပတ်သက် သည့် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရုံးအမှတ်(၂၇)၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ယခင်ဘဏ္ဍာရေး နှစ်များတွင် လုပ်ငန်း ဆောင်ရွက်မှုများ၏ အားသာချက်၊ အားနည်းချက်များကို စိစစ်သုံးသပ်၍ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊  နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် လျှပ်စစ်ဓာတ်အား ရရှိရေးသည် များစွာအရေးပါသဖြင့် မိမိတို့သည် အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေရခြင်း ဖြစ်ကြောင်း၊ လက်ရှိနိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့် ကြုံတွေ့နေရပြီး ရရှိနိုင်သမျှသော  ရေတိုရေရှည်နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးရရှိရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ပြည်သူလူထုကို အချိန်ပိုင်းအလိုက် ဝန်အားထိန်းညှိ ဆောင်ရွက်ပေးနေရသည့် အခက်အခဲများ လက်တွေ့ခံစားနေရသဖြင့် မိမိတို့ဆောင်ရွက်ချက်များအပေါ် ပြည်သူလူထုမှ နားလည် သဘောပေါက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး စည်းရုံးပြောဆိုကြရန်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတွင် သုံးစွဲသူပြည်သူများထံသို့ အလေအလွင့်နည်းပါးစွာ လျှပ်စစ်မီး ရရှိရေးစီမံဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်အတွက် ဓာတ်အားခ အခွန်အခများကိုလည်း အပြည့်အဝရရှိရေး ကောက်ခံသွားရမည် ဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ငန်းများအပေါ် စေတနာအပြည့်အဝဖြင့် ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေကိုလည်း စနစ်တကျစိစစ်၍ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထို့ပြင် ဓာတ်အားရောင်းချမှုမှရရှိသည့် ဓာတ်အားခ ဝင်ငွေများအပါအဝင် နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန် ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားခွဲရုံများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့်  ဓာတ်အား  စဉ်ဆက်မပြတ်  ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံး ပစ္စည်းများကို စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားခွဲရုံ ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးအထူးဂရုပြုရေး စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားများကို တရားမဝင်ရ ယူသုံးစွဲမှုများကြောင့် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် လျှပ်စစ်ဓာတ်အားခများကို သတ်မှတ်ချိန်အတွင်း ကောက်ခံရရှိရေး မြို့နယ်၊ ခရိုင်၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်   ဘဏ္ဍာရေး တာဝန်ခံများက အောက်ခြေထိ ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေး ပညာပေး၊ သတိပေးခြင်းနှင့် ဓာတ်အားလိုင်းများတစ်လျှောက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းသွားကြရန်      လိုအပ်ကြောင်း မှာကြားသည်။

ဆက်လက်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာများမှ လုပ်ငန်းဆောင် ရွက်မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို  အသီးသီး ရှင်းလင်းတင်ပြ ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။