ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသည့် သတင်းအချက်အလက်များအား VMIS စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ ဆွေးနွေး

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသည့် သတင်းအချက်အလက်များအား VMIS စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ ဆွေးနွေး

နေပြည်တော်  ဧပြီ  ၂၁

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ယနေ့နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အား ကျန်းမာရေးဝန်ကြီး ဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများအတွက် ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများအား National Vaccine Deployment Plan နှင့်အညီ ဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသည့် သတင်း အချက်အလက်များအား Vaccine Management Information System(VMIS) စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ဝန်ကြီးဌာနအနေဖြင့် လူသားချင်း စာနာထောက်ထားမှုအခြေခံမူများနှင့်အညီ နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများအား အကြမ်းဖက် အဖွဲ့အစည်းများက  ပစ်မှတ်ထား တိုက်ခိုက်ခံရသည့် အခြေအနေများ၊ အာဆီယံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထောက်ပံ့ပေးနိုင်မည့် ကိစ္စရပ်များ၊  နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(ပြည်ထောင်စုဝန်ကြီးရုံး)၊ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး ဦးစီးဌာန)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ဗဟိုကူးစက်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မကူးစက်) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။