ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း

ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၃၈/၂၀၂၂

၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော်  ၆  ရက်

(၂၀၂၂  ခုနှစ်၊ ဧပြီလ  ၂၁  ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို  ပြဋ္ဌာန်းလိုက်သည်။ 

၁။ ဤဥပဒေကို “ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဥပဒေတွင် ပါရှိသော “တက္ကသိုလ်ကောင်စီ ” ဆိုသည့် စကားရပ်ကို  “ကော်မတီ ”ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၃။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ  ဖွံ့ဖြိုးရေးတက္ကသိုလ် ဥပဒေပုဒ်မ ၂ တွင်-

          (က)   ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

                   “ကော်မတီဆိုသည်မှာ တက္ကသိုလ်၏ လုပ်ငန်းများကို ကြီးကြပ်ရန် ဤဥပဒေအရ ဖွဲ့စည်းသည့် တက္ကသိုလ်ကြီးကြပ်ရေး ကော်မတီကိုဆိုသည်။”

          (ခ)     ပုဒ်မခွဲ (ဂ) ၏ နောက်တွင်  ပုဒ်မခွဲ(ဃ) နှင့် ပုဒ်မခွဲ(င)တို့ကို အောက်ပါ အတိုင်း ဖြည့်စွက်ရမည်-

          “(ဃ) ဝန်ကြီးဌာနဆိုသည်မှာ နယ်စပ်ရေးရာ ဝန်ကြီးဌာနကို ဆိုသည်။

           (င)    ဦးစီးဌာနဆိုသည်မှာ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနကို ဆိုသည်။”     

၄။ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဥပဒေပုဒ်မ ၄ တွင်ပါရှိသော “ကိုယ်ပိုင်အမည်၊ တံဆိပ်ဖြင့် ဆောင်ရွက်ပိုင်ခွင့်”ဆိုသည့် စကားရပ်ကို “ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်ဆောင်ပုဒ်၊ ကိုယ်ပိုင်တံဆိပ်တို့ဖြင့် ဆောင်ရွက်ပိုင်ခွင့်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၅။ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဥပဒေပုဒ်မ ၆ တွင် အောက်ပါအတိုင်း အစားထိုးရမည်-

“၆။ တက္ကသိုလ်၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

          (က)   ပြည်ထောင်စုတိုင်းရင်းသား လူငယ်များသည်  ပညာရှာမှီးရင်း   တိုင်းရင်းသားအချင်းချင်း  ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စု စိတ်ဓာတ်ခိုင်မြဲသည့် လူငယ်များ ဖြစ်လာစေရန်။

          (ခ)     ပါတီနိုင်ငံရေး ကင်းရှင်းပြီး  စာရိတ္တနှင့် ကိုယ်ကျင့်တရား ကောင်းမွန်သော ပညာရေး ဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန်။

          (ဂ)    နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့် လူနေမှု အဆင့်အတန်း မြင့်မားရေးအတွက် ဆောင်ရွက်ရာတွင် လိုအပ်သည့် ဦးဆောင်နိုင်မှု  စွမ်းရည်မြှင့်တင်ရန်။

          (ဃ)   ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ အောင်မြင်စေရန်ရှေးရှု၍ သုတေသန လုပ်ငန်းများ ဆောင်ရွက်လိုသည့်စိတ်ဓာတ် မွေးမြူပေးရန်။

         (င)     ပြည်ထောင်စုတိုင်းရင်းသား လူငယ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊   တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတည်းဟူသော ဒို့တာဝန် အရေးသုံးပါးကို သက်ဝင်           ယုံကြည်၍ ထိန်းသိမ်း စောင့်ရှောက်သော လူငယ်များ ဖြစ်လာစေရန်။”

၆။ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဥပဒေပုဒ်မ ၇ တွင် -

          (က)   ပုဒ်မခွဲ (က) တွင်ပါရှိသော “ဖွံ့ဖြိုးရေး”ဆိုသည့် စကားရပ်ကို “ဖွံ့ဖြိုးတိုးတက်မှု” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

          (ခ)     ပုဒ်မခွဲ(ခ)ကို အောက်ပါအတိုင်း အစားထိုးရမည်-

                   “(ခ) တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုသည့် ပညာရှင် ဝန်ထမ်းကောင်းများ တိုးပွားအောင်ပြုစုပျိုးထောင်ပေးရန်။”

          (ဂ)    ပုဒ်မခွဲ(ဂ)တွင်ပါရှိသော “ပညာတိုးပွားရေး”ဆိုသည့် စကားရပ်ကို “တီထွင်ဆန်းသစ်မှုများတိုးပွားရေး” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

          (ဃ)   ပုဒ်မခွဲ(စ)တွင် ပါရှိသော “နေရေးထိုင်ရေး” ဆိုသည့် စကားရပ်ကို “စနစ်ကျနစွာ နေထိုင်နိုင်ရေး” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

          (င)     ပုဒ်မခွဲ(ဆ)တွင် ပါရှိသော “ကျောင်းခန်းပြင်ပ ပညာရေးလုပ်ငန်း” ဆိုသည့် စကားရပ်ကို “ကျောင်းပြင်ပပညာရေးလုပ်ငန်း” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၇။ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ဥပဒေ ပုဒ်မ ၈ ကို အောက်ပါအတိုင်း အစားထိုးရမည် -

“၈။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-

          (က)   တက္ကသိုလ်ကြီးကြပ်ရေး ကော်မတီကို ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယ အမြဲတမ်း အတွင်းဝန်များ၊                ဝန်ကြီးဌာန    နှင့် ဆက်စပ်သော ဝန်ကြီးဌာနများရှိ သက်ဆိုင်ရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များနှင့် သင့်လျော်                           သော  တိုင်းရင်းသားများက အဖွဲ့ဝင်များအဖြစ် လည်းကောင်း ပါဝင်စေလျက် ဖွဲ့စည်းပေးရမည်။

          (ခ)     အဖွဲ့ဝင်များထဲမှ သင့်လျော်သော ပုဂ္ဂိုလ်များကို ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့အဖြစ် တစ်ပါတည်း သတ်မှတ်ပေးနိုင်သည်။

          (ဂ)    လိုအပ်ပါက တက္ကသိုလ်ကြီးကြပ်ရေး ကော်မတီကို ပြင်ဆင် ဖွဲ့စည်းနိုင်သည်။”

၈။ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ဥပဒေ ပုဒ်မ ၉ နှင့် ၁၉ တို့ကို ပယ်ဖျက်ရမည်။

၉။ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(င)၊  ပုဒ်မ ၁၃၊  ပုဒ်မခွဲ(ဂ)နှင့် ပုဒ်မ ၁၅ တို့တွင် ပါရှိသော “ဆရာ”ဆိုသည့် စကားရပ်ကို “ဆရာ ဆရာမ”ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၀။ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ဥပဒေ ပုဒ်မ ၁၀ တွင် -

          (က)   ပုဒ်မခွဲ(ခ)တွင်ပါရှိသော “မည်သို့သောဘွဲ့”ဆိုသည့် စကားရပ်ကို “မည်သည့်ဘွဲ့” ဆိုသည့်   စကားရပ်ဖြင့် အစားထိုးရမည်။

          (ခ)     ပုဒ်မခွဲ(ဋ)၏ နောက်တွင် ပုဒ်မခွဲ(ဌ)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

          “(ဌ) သင်တန်းသားရွေးချယ်ခြင်းအတွက် သင်တန်းသား ရွေးချယ်ရေး ကော်မတီကို လိုအပ်သလို ဖွဲ့စည်းနိုင်ခြင်းနှင့်   ယင်း၏ လုပ်ငန်းတာဝန်များကို သတ်မှတ်နိုင်ခြင်း။”

၁၁။ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်ဥပဒေ ပုဒ်မ ၁၂ ၊ ပုဒ်မခွဲ(က) တွင်ပါရှိသော “ဖွံ့ဖြိုးရေး” ဆိုသည့် စကားရပ်ကို “ဖွံ့ဖြိုးတိုးတက်မှု” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၂။ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဥပဒေ ပုဒ်မ ၁၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-

 “၁၇။ တက္ကသိုလ်သည် နှစ်စဉ်ရသုံးမှန်းခြေ ငွေစာရင်းကို ဦးစီးဌာန၏  စိစစ်ခွင့်ပြုချက်နှင့်အညီ ဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ရမည်။”

၁၃။ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဥပဒေပုဒ်မ ၂၁ တွင် ပါရှိသော  “ဝန်ကြီးဌာနများနှင့်ဖြစ်စေ၊ အစိုးရ အဖွဲ့အစည်းများနှင့် ဖြစ်စေ၊ အခြား အဖွဲ့အစည်းများနှင့်ဖြစ်စေ” ဆိုသည့် စကားရပ်ကို                  “သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများနှင့်ဖြစ်စေ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့်ဖြစ်စေ}} ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၄။ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဥပဒေပုဒ်မ ၂၂ တွင် ပါရှိသော “ဤဥပဒေအရ ဖွဲ့စည်းသည့်” ဆိုသည့်စကားရပ်ကို ပယ်ဖျက်ရမည်။

၁၅။ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဥပဒေ ပုဒ်မ ၂၃ ကို အောက်ပါအတိုင်း အစားထိုးရမည်-

        “၂၃။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-

                (က)   ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

                 (ခ)     ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

                 (ဂ)    တက္ကသိုလ်ကြီးကြပ်ရေး ကော်မတီနှင့် တက္ကသိုလ်တို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။”                         

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 (ပုံ)မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ